
မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ခဲ့ပြီး တနှစ်ကျော်ကြာမြင့်လာတဲ့တိုင် အထပ်မြင့်အိမ်ရာတိုက်ခန်း တွေရဲ့ အရောင်းအဝယ်ဈေးကွက်မှာ ပြန်လည်သက်ဝင်လာခြင်း မရှိဘဲ အေးစက်နေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံကနေ သိရပါတယ်။
အိမ်ဝယ်ယူလိုသူတွေအနေနဲ့ ငလျင်ကြောင့် အဆောက်အအုံတွေမှာ မမြင်နိုင်တဲ့ အတွင်းပိုင်း ထိခိုက်ပျက်စီးမှုတွေရှိနိုင်လို့ စိုးရိမ်နေကြပြီး အထပ်မြင့်တိုက်ခန်းတွေကို ဝယ်ယူဖို့ ရှောင်ရှား နေကြတာလို့ ဆိုပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တယောက်က “ငလျင်က တနှစ်ကျော်ကြာခဲ့ပြီဆိုပေမဲ့ လူတွေရဲ့ ငလျင်နဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာက မပျောက်ကြသေးဘူး။ တချို့တိုက်ခန်းတွေက မထိခိုက်ပေမဲ့ အတွင်း ထိခိုက်ထားတာရှိမလားဆိုပြီး စိုးရိမ် နေကြတာ။ မဝယ်ရဲကြဘူး။ အရှေ့မှာဖြစ်ထားတော့ လူတွေက စိုးရိမ်စိတ်ရှိဆဲ ဖြစ်နေတာ" လို့ ပြောပါတယ်။
ငလျင်မတိုင်မီက မန္တလေးမြို့မှာရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေဟာ လက်ရှိမှာတော့ အရောင်းအဝယ် နည်းပါးနေပြီး အငှားဈေးကွက်သာ လည်ပတ်နေတယ်လို့ သိရပါတယ်။
အရင်က တိုက်ခန်းတခန်းမှာ အခန်းအကျယ်အဝန်းနဲ့ အလွှာပေါ်မူတည်ပြီး အမြင့်ဆုံးထပ် အပါအဝင် ကျပ်သိန်း ၇၀၀ ဝန်းကျင်ကနေ ကျပ်သိန်းသောင်းဂဏန်းအထိ ဈေးနှုန်းရှိခဲ့တယ်လို့ သိရ ပါတယ်။










