
အမေရိကန်စစ်တပ်ဟာ အီရန်ဆီ ဦးတည်နေတဲ့ ရေနံတင်သင်္ဘောတစင်းကို ဇွန် ၂ ရက်မှာ Hellfire ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ စည်းကမ်းချက်တွေအရ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ညှိနှိုင်းဖို့ အီရန် အစိုးရကို ဖိအားပေးနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒုံးကျည်က ရေနံတင်သင်္ဘောကို ထိမှန်ကြောင်း ပြထားတဲ့ ဗီဒီယိုတခုကို အမေရိကန်စစ်တပ် ဗဟို ကွပ်ကဲမှုဌာနက အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
ဘော့ဆွာနာအလံ လွှင့်ထားတဲ့ M/T Lexie သင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တယ် လို့လည်း ပြောပါတယ်။
သင်္ဘောရဲ့ နာမည်နဲ့ ပုံသဏ္ဌာန်က မော်ကွန်းတိုက်ပုံရိပ်တွေနဲ့ ကိုက်ညီတယ်လို့ ရိုက်တာ သတင်းဌာန က အတည်ပြုခဲ့ပါတယ်။
သင်္ဘောခြေရာခံဒေတာမှာ မေ ၂၆ ရက်က အာရေဗျပင်လယ်ကွေ့ဘေးက အိုမန်ပင်လယ်ကွေ့မှာ ရှိတဲ့ သင်္ဘောရဲ့ နောက်ဆုံးသိရှိထားတဲ့ တည်နေရာကို ပြသထားပါတယ်။ ဇွန် ၂ ရက် မတိုင်မီ အွန်လိုင်းမှာ တင်ထားတဲ့ ရလဒ်ဟောင်းတွေကို မတွေ့ရပါဘူး။
သင်္ဘောသားတွေက ၂၄ နာရီအတွင်း အမေရိကန်တပ်ဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို အကြိမ်ပေါင်း များစွာ မလိုက်နာဘဲ ထပ်ခါတလဲလဲ သတိပေးချက်တွေကို လျစ်လျူရှုခဲ့ကြတယ်လို့ ဗဟို ကွပ်ကဲရေးဌာနက ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုပါတယ်။
အမေရိကန်လေယာဉ်တစင်းက သင်္ဘောအင်ဂျင်ခန်းထဲကို Hellfire ဒုံးကျည်နဲ့ ပစ်ခတ်ရင်း သင်္ဘော ကို ရပ်တန့်စေခဲ့ပြီး ရေနံတင်သင်္ဘော အီရန်ဆီမရောက်အောင် တားခဲ့တယ်လို့လည်း ကြေညာချက် ထဲမှာ ပြောပါတယ်။
ဒီသင်္ဘောဟာ ဧပြီ ၁၃ ရက်မှာ အီရန်ကို စတင်ပိတ်ဆို့ပြီးကတည်းက အမေရိကန်စစ်တပ်က ပိတ်ပစ်ခဲ့တဲ့ ဆဋ္ဌမမြောက်သင်္ဘောပါ။
အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းတွေဆီ အဝင်အထွက်လုပ်ဖို့ ကြိုးပမ်းနေတဲ့ သင်္ဘော ၁၂၂ စင်းကိုလည်း လမ်းကြောင်းပြောင်းပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် အမှတ် ၅ ရေတပ် ဌာနချုပ်နဲ့ အမေရိကန် လေတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အပြောက မှားနေတယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာနက ဇွန် ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုအားလုံး မအောင်မြင်ခဲ့ဘူးလို့လည်း အလယ်ပိုင်း စစ်တိုင်းကွပ်ကဲရေးဌာနက X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ဒေသတွင်းနိုင်ငံတခုက အမေရိကန် အမှတ် ၅ ရေတပ် ဌာနချုပ်၊ လေတပ်စခန်းနဲ့ ရဟတ်ယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အီရန်မီဒီယာတွေက ဇွန် ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
IRGC က ကက်ရှန်ကျွန်းရဲ့ တောင်ဘက်က ဆက်သွယ်ရေးတာဝါကို အမေရိကန်က တိုက်ခိုက်ခဲ့ တယ်ဆိုတဲ့ ဖော်ပြချက်အပေါ် တုံ့ပြန်တဲ့အနေဖြင့် ဒုံးကျည်တွေ၊ ဒရုန်းတွေ သုံးပြီး တိုက်ခိုက်ခဲ့ တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံဟာ စစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ နားလည်မှုစာချွန်လွှာ (MoU) နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ သတင်းစကား လဲလှယ်ဆက်သွယ်နေတာကို ရက်အနည်းငယ်ကြာ ရပ်ဆိုင်းထား တယ်လို့ ဇွန် ၂ ရက်မှာ အီရန်မီဒီယာတွေက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ဆွေးနွေးပွဲတွေ ဆက်လုပ်နေတုန်းပဲလို့ တုံ့ပြန်ပါတယ်။
တီဟီရန်ဘက်က ဝါရှင်တန်ဆီ နောက်ဆုံးပို့လိုက်တဲ့ သဝဏ်လွှာဟာ ကမ္ဘာက အာရုံစိုက်နေတဲ့ လက်ဘနွန်အရေးနဲ့ ပတ်သက်တယ်လို့ ဖားစ်သတင်းဌာနက ညှိနှိုင်းရေးအဖွဲ့နဲ့ နီးစပ်သူ တယောက် ကို ကိုးကားပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တုန်းက သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာမှာ အမေရိကန်နဲ့ အီရန်အကြား ဆွေးနွေးမှုတွေဟာ “မပြတ်မတောက် ဆက်တိုက် ရှိနေ ပါတယ်” လို့ ပို့စ်တင်လိုက်ချိန်မှာ ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားတယ်ဆိုတဲ့ သတင်းတွေဟာ “မှားယွင်းပြီး အခြေအမြစ်မရှိဘူး” လို့ လည်း ထရမ့်ပ်က ဆိုထားပါတယ်။
အင်္ဂါနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက လွှတ်တော်မှာ ထွက်ဆိုချက် ပေးရာမှာ နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ ရှိနေတုန်းပဲလို့ ပြောခဲ့သလို အီရန်ရဲ့ သမားရိုးကျ စစ်ရေး ကာကွယ်မှုစနစ်ဟာ သိသိသာသာ အားနည်းသွားပြီလို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို အခု ပြန်ဖွင့်ပေးလိုက်ပြီ ဆိုတာကို အတိအလင်း ကြေညာ ရမှာဖြစ်ပြီး ဒါဟာ ဆွေးနွေးပွဲတွေအတွက် ပထမဆုံး စည်းကမ်းချက်ပဲလို့လည်း ရူဘီအိုက ဆိုပါတယ်။
ဒါ့အပြင် သန့်စင်မှုမြင့်မားတဲ့ ယူရေနီယံတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ကိစ္စအပေါ် လက်တွေ့ ကျကျ ဆွေးနွေးဖို့ အီရန်ဘက်က ကတိပြုရမယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရုံနဲ့တင် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ပေးမှာ မဟုတ်ဘဲ အီရန်အတွက် ပိတ်ဆို့မှု လျှော့ပေါ့ရေးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ရူဘီအိုက ပြောပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အီရန်အာဏာပိုင်တွေဘက်ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။
Source: Reuters











