DVB Logo
Home
Lead Story
“တောင်ကြီးမှာ တာစူလို့မရအောင် ပြို ကွဲနေလို့ လုပ်လိုက်ရတာ” ဦးဝင်းထိန်နှင့် မေးမြန်းချက်
DVB
·
September 9, 2016
“တောင်ကြီးမှာ တာစူလို့မရအောင် ပြို ကွဲနေလို့ လုပ်လိုက်ရတာ” ဦးဝင်းထိန်နှင့် မေးမြန်းချက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး အပါအ၀င် အမှုဆောင်တချို့ကို တာဝန်ကနေ အနားပေးလိုက်ပြီး အမှုဆောင်သစ် ၅ ဦးကို ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ အမိန့်နဲ့ အစား ထိုးခန့် အပ်လိုက်ပါတယ်။

အစားထိုး ခန့်အပ်လိုက်တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် တွေကတော့ ဥက္ကဋ္ဌအဖြစ် တောင်ကြီးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်စိန် (ရပ်စောက်)နဲ့ အဖွဲ့ဝင်တွေအဖြစ် ဒေါ်စန်းစန်းမော် (တောင်ကြီး)၊ ဦးနေဇော်နိုင် (နမ့်စန်)နဲ့ စိုင်းသိန်းဝင်းထွန်း (တောင်ကြီး)တို့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမှာ ပါတီတွင်းပြိုကွဲနေလို့ ခုလိုလုပ်လိုက်ရတာလို့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှမ်းပြည်နယ် အလုပ်အမှုဆောင် ကော်မတီအသစ်ကို မနေ့ကပဲ လူသစ် ၅ ယောက်နဲ့ ဖွဲ့ထားတဲ့ ထပ်ဖွဲ့တာတွေ့ပါတယ်။ အန်ကယ်ရဲ့ လက်မှတ်နဲ့ ထွက်လာတာ။
“ ဟုတ်တယ်လေ။ ရှမ်းပြည်တောင်ပိုင်းက အဲဒီ ၅ ယောက်ကို ကျနော်တို့ တာဝန်ပေးလိုက်တာ။ ဥက္ကဋ္ဌကို ကိုဇော်မင်းလတ်သူက ကလော က၊ ဦးမောင်မောင်ဆွေက ရပ်စောက်က အန်အယ်ဒီ ဥက္ကဋ္ဌ၊ နေဇော်နိုင်က မိုးနဲက ကျန်တဲ့ နှစ်ယောက်ကတော့ တောင်ကြီးက။ ”

သူတို့ကို အသိပေးပြီးတော့မှပဲ တာဝန်ပေးလိုက်တာလား။
“ ဒါပေါ့။ ”

ဘာလို့လဲဆိုတော့ ဦးနေဇော်နိုင်က လူမှုကွန်ရက် ဖေ့ဘွတ်မှာ အဲဒီကိစ္စ သူ မသိရပါဘူး ဆိုပြီးတော့ ရေးတာတွေ့လို့လေ။
“ဖေ့ဘွတ်က လူတိုင်းရေးချင်တိုင်း ရေးလို့ရတာပဲ။ ရေးပါစေပေါ့။ ”

ဒီကော်မီတီကို ဘယ်လို process လုပ်ငန်းစဉ်နဲ့လုပ်ပြီး ဖွဲ့စည်းလိုက်တာပါလဲ။ သူတို့ကို အသိပေးပြီးတော့မှ တရားဝင်ခန့်အပ်လိုက်တာလား။
“တောင်ကြီးရဲ့ ထူးခြားတဲ့အနေအထားကြောင့် ကျနော်တို့က လုပ်ရတာ။ သို့မဟုတ်ရင်တော့ ပါတီဝင်ကနေပြီးတော့ မဲပေးပြီးရွေးရတာ။ အခုကတော့ တောင်ကြီးမှာ တာစူလို့မရအောင် ပြို ကွဲနေလို့ ကျနော်တို့က အဲလို လုပ်လိုက်ရတာ။ ”

ဆိုတော့ မူလက ဖွဲ့စည်းတာဝန်ပေးထားတဲ့ ဒေါ်ခင်မိုးမိုး ဦးဆောင်တဲ့ ပြည်နယ်ဥက္ကဋ္ဌအဖွဲ့ကို ဘာကြောင့် တာဝန်ကနေ အနားပေးရတာလဲ။
“နံပါတ် ၁ သူက တခြားအဖွဲ့အစည်းတွေမှာ ထဲထဲဝင်ဝင်ပါနေတယ်ဗျာ။ အန်ဂျီအိုတို့၊ စီအက်စ်အိုတို့မှာ ပါတယ်။ နံပါတ် ၂ က ပြည်နယ် အစည်းအဝေးဘာညာလုပ်ရင် အဲဒီ အစည်းအဝေးမှာ အက်စ်ဘီတို့ ထောက်လှမ်းရေးတို့ကို ခေါ်ပြီးတော့ ၀င်ထိုင်ခိုင်းတယ်။ နံပတ် ၃ ကတော့ ရွေးကောက်ပွဲနီးတဲ့အခါမှာ အောင်နိုင်ရေးမှာ လုံးဝလုပ်မပေးဘူး။ ရွေးကောက်ပွဲ ပြီးတော့ နိုင်တဲ့အခါမှာ သူပဲ ဥက္ကဋ္ဌ ပြန်လုပ်မယ်ဆိုပြီးတော့ ခွထိုင်နေတာ။ အဲဒါတွေက လုပ်နေတာကြာလှပြီ။ ဖယ်ဖို့လုပ်နေတာကြာလှပြီ။ မအားလို့ ကျနော်တို့ မလုပ်ဖြစ်တာ။”

ဒေါ်ခင်မိုးမိုးကတော့ အန်ကယ့်ဆီရောက်တဲ့ သတင်းစကားတွေကအမှားတွေပါ။ သူတို့ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုလည်း အန်ကယ်တို့ ဗဟိုစီအီးစီဆီကိုလည်း တင်ထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။
“ဒါကတော့ သူပြောပြီပေါ့။ သူပြောတာနဲ့ ကျနော်တို့ ပြောတာနဲ့က ပါတီဝင်ထုက ချင့်ချိန် ယုံကြမှာပေါ့။ ”

နောက်ပြီးသူတို့ကို တာဝန်ကနေ အနားပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တောင်ကြီး မြို့နယ်ဥက္ကဋ္ဌ ခွန်သန်းလွင်တို့ ဘာတို့ကလည်း နုတ်ထွက်စာတင်ထားတယ်။ အဲလိုအခြေအနေတွေရှိ နေတာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရပါသလဲ။

“အဲဒါကတော့ သူတို့ အခွင့်အရေးပဲ။ သူတို့ ကျေနပ်ရင် ဆက်လုပ်၊ မကျေနပ်ရင် ထွက်ပေါ့။ ပါတီလုပ်ငန်းဆိုတာ ဘာမှ ရတာမဟုတ်ဘူး။ စေတနာ့ဝန်ထမ်းနဲ့ စိတ်ဓာတ်ရှိလို့ လုပ်ကြတာ။ ဘာအခွင့်အရေးမှရတာမဟုတ်ဘူး။ သူတို့ မလုပ်ချင်ရင် ထွက်ပေါ့။ ဒါကျတော့ ထွေထွေ ထူးထူး ပြောစရာမလိုဘူး။ ဒီလိုသံသရာတွေက လောကဓံတွေက ကြုံခဲ့ဖူးပေါင်းများပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ကို ကျနော်တို့ ထုတ်တဲ့ကာလရှိဖူးတယ်။ ထောင်ကျလို့ အကျယ်ချုပ်ကျလို့ဆိုပြီးမှ အန်အယ်ဒီက ထုတ်တယ်ဆိုတဲ့ကာလရှိဖူးတယ်။ အဲဒီလောက်ဆိုး ဦးမလား။”

ဆိုတော့ အခုလို ဖြစ်နေတဲ့အခြေအနေမျိုးမှာ ပါတီတွင်းမှာဆက်ပြီး ပြသနာတွေ ဖြစ်လာနိုင်လား။ ဘယ်လိုမြင်လဲ။
“ဆက်ဖြစ်လာရင် ကျနော်တို့က ဖြေရှင်းဖို့က ကျနော်တို့ တာဝန်ပဲလေ။ ဒေါ်စု ပြောသလိုပေါ့ ပြဿနာရှိတယ်ဆိုတာ သိရင် ဖြေရှင်းလို့ရတယ်။ ပြဿ နာ မရှိချင်ယောင်ဆောင်တာကတော့ အဲဒါ အဓိက ပြဿ နာပဲ။ ”

ဟုတ်ကဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို ဖြုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်စုရဲ့ မန်းဒိတ်နဲ့လုပ်တယ်လို့ အန်ကယ်ပြောတဲ့ပေါ်မှာ ဒါဥပဒေအရ အစိုးရ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီရဲ့လုပ်ငန်းတွေမှာ ပတ်သက်လို့ မရဘူးလို့ ဝေဖန်နေကြတယ်လေ။
“ဒေါ်စု မန်းဒိတ်တွေ ဘာတွေ ကျနော်မသုံးပါဘူး။ ဒေါ်စုကို သတင်းပို့တယ်။ ကျနော်ဒီလို လုပ်မယ်ဆိုတာ၊ သွားမယ်လို့ပြောတာ။ ဒါပဲ။ ဦးတင်မောင်တိုးနဲ့ ကျုပ် သိတာလည်း မဟုတ်ဘူး။ ခင်တာလည်း မဟုတ်ဘူး။ စကားလည်း မပြောဖူးဘူး။ အဲဒါကို ကျနော်လာမယ်ဆိုလည်းကျတော့ ဒီလူကြီး ဘာလာရှုပ်တာလဲ၊ ဘာညာ ရိုင်းတာပေါ့။ ရိုင်းတာက ကိစ္စမရှိဘူး။ အဲလောက်က တော့ ကျနော်တို့က ခံနိုင်ရည်လည်းရှိတယ်။ သူ့ကို နောက်မပြောနဲ့လို့ ပြောရင်ရတယ်။ တဆင့်တက်တာက သူက စီအီးစီဆိုတာ ပိုက်ဆံရှိရင်ငွေနဲ့ ၀ယ်လို့ရတယ်ဆိုတဲ့အခါကျတော့ သူက အန်အယ်ဒီလေ။ ပြီးတော့ ခရိုင်ဥက္ကဋ္ဌ အဲလိုမျိုး ပြောတဲ့လူကို ကျနော်တို့က သီးခံလို့ မရဘူး။”

ဒီရက်ပိုင်းမှာ အန်ကယ်တို့ စီအီးစီထဲတွေ အစည်းအဝေးလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါသလား။
“ရှိတာပေါ့ ”

ဒီကိစ္စနဲ့ပတ်သက်လို့ တချို့ ပါတီထိပ်ပိုင်း ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်တွေကို မေးကြည့်တဲ့အခါမှာ ဒီကိစ္စကို သူတို့ မသိရပါဘူးလို့ ပြောတယ်။
“အဲဒီတုန်းက သူတို့ မသိဘူးလို့ ပြောတာဟုတ်တယ်လေ။ ကျနော်ကနောက်မှ တယ်လီဖုန်းဆက်ပြီး သူတို့ကို ပြောတာကိုး၊ အရင်ကမသိဘူး။ အခုနောက်တော့ သိသွားပြီ။ ”

တချို့ကလည်း ဒီကိစ္စ အန်ကယ့်ရဲ့ တဦးတယောက်ထဲ ဆုံးဖြတ်ချက်နဲ့ ဒီလိုလုပ်တယ်လို့ ပြောကြတယ်။
“ အဲဒါကျတော့ ခင်ဗျား ချင့်ချိန်ယုံပေါ့။ ”

ဒီကိစ္စမှာ အန်ကယ့်ရဲ့ တယောက်ထဲ ဆုံးဖြတ်ချက်နဲ့ လုပ်တာမဟုတ်ဘူးလား။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီမှာ ဗဟိုမှာ ကျနော်တို့ ဒေါက်တာဇော်မြင့်မောင်တို့၊ ကိုဝင်းမြင့်တို့ ဒေါ်မေ၀င်းမြင့်တို့ စီအီးစီတွေရှိတယ်။ ”

အန်ကယ်တို့ စီအီးစီနဲ့ တိုင်ပင်ပြီးတော့မှ ဒီကိစ္စကိုဆောင်ရွက်တာပေါ့ အဲလိုလား။
“ဒါပေါ့။ ”

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013