DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးဆုံးဖြတ်ချက်ပေးမည်မဟုတ်ဘဲ အကြံပြုခြင်းသာဆောင်ရွက်မည်ဟု ကိုဖီအာနန် ကတိပေး
DVB
·
September 8, 2016
ရခိုင်အရေးဆုံးဖြတ်ချက်ပေးမည်မဟုတ်ဘဲ အကြံပြုခြင်းသာဆောင်ရွက်မည်ဟု ကိုဖီအာနန် ကတိပေး
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြဿ နာအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးတာတွေလုပ်မှာ မဟုတ်ဘဲ အကြံပြုခြင်းသာဆောင်ရွက်မယ်လို့ ကော်မရှင် ခေါင်းဆောင် မစ္စတာ ကိုဖီအာနန်က ကတိပေးပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်က နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။

မစ္စတာ ကိုဖီအာနန်က “မိမိအတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်း မဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက်အသိုက်အ၀န်းများနှင့် တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု ကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ဘက်စုံထောင့်စုံမှ လေ့လာ ဆောင်ရွက် သွားမည်”လို့ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နှစ်ဖက်အသိုက်အ၀န်းရဲ့ စိုးရိမ်ပူပန်မှု အသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက် သင့်ပြီး ဥပဒေနဲ့အညီဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မယ် နည်းလမ်း တွေကို လေ့လာ လုပ်ဆောင်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဟာ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်နဲ့ မွတ်စလင် အသိုင်းအ၀ိုင်းကို တွေ့ဆုံခဲ့ ပါတယ်။

ရန်ကုန် ဆူးလေ ရှန်ဂရီလာဟိုတယ်မှာတွေ့ဆုံခဲ့တာဖြစ်တာပြီး သူ့အနေနဲ့ နှစ်ဖက် အသိုင်းအ၀န်းနဲ့ မိတ်ဆက်ရုံသာဖြစ်တယ်လို့ တွေ့ဆုံပွဲသွားရောက်ခဲ့တဲ့ ရခိုင်သဟာရ အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးလှမောင်သိန်းက ပြောပါတယ်။

“သူက အဓိက မိတ်ဆက်တာပါ။ ကျနော်တို့နဲ့ ခဏလေး ၁၀ မိနစ်လောက်တွေ့ပြီးတော့ ခနနေ press ရှိတယ်ဆိုပြီးတော့ သူတို့လုပ်နေကြပါတယ်။ မိတ်ဆက်ရုံပါပဲ။ ဘာမှထွေထွေထူးထူး တော့ ဆွေးနွေးခဲ့ တာမရှိပါဘူး။ မိတ်ဆက်တယ်ဆိုတောကလည်း သူရဲ့ စစ်တွေ ခရီးစဉ်အကြောင်းကို ရှင်းပြတယ်။ ပြီးရင်ကာချုပ်နဲ့တွေ့တဲ့ အကြောင်းတွေ ပြောပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲပြီးရင်တော့ သူပြန်မယ်ဆိုတာ ပြောပါတယ်။”

ဒီတွေ့ဆုံပွဲမှာ ရခိုင်ဘက်က ၅ ဦးနဲ့ မွတ်စလင်ဘက်က ၅ ဦး တက်ရောက်ခဲ့ပြီး တဖက် တဦးစီ အမြင်သဘောထားတွေ တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။

ကိုဖီအာနန်အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး သမိုင်းကြောင်းကို တကယ်ကို လေ့လာမယ် တွေ့ရှိမယ်ဆိုရင်တော့ မှန်မှန်ကန်ကန် စဉ်စားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးလှမောင်သိန်းက ပြောပါတယ်။

မစ္စတာကိုဖီအာနန်ဟာ ဒီကနေ့မနက်က နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013