DVB Logo
Home
Lead Story
ရခိုင်အရေး ကိုဖီအာနန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှင်းလင်းပြောကြား
DVB
·
September 8, 2016
ရခိုင်အရေး ကိုဖီအာနန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှင်းလင်းပြောကြား
Donate to DVB

ရခိုင်ပြည်နယ်နောက်ခံသမိုင်းကြောင်းနဲ့ ဘင်္ဂလီပြဿ နာနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌ တာဝန်ယူမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ မစ္စတာ ကိုဖီအာန်ကို လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ရခိုင်တိုင်းရင်းသားတွေအတွက် ထိရှလွယ်သည့်ဖြစ်စဉ်ဖြစ်လို့ ရခိုင်တိုင်းရင်းသား တွေ လက်ခံနိုင်ရေး အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒက အဓိကကျကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံသားဖြစ်မှုကိုသာမက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီအရေးတို့ကိုပါ ထည့်သွင်းစဉ်းစားရကြောင်းနဲ့ ကော်မရှင်အနေနဲ့ ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေသမိုင်းကြောင်းနဲ့ ယှဉ်ပြီး လေ့လာဆောင်ရွက်ဖို့ တပ်မတော် အကြီးအကဲက အကြံပြု ခဲ့တယ်လို့ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရှင်းလင်းလင်းပြောကြားချက် အပြည့်အစုံ ….

၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီ ဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကို “ရိုဟင်ဂျာ” ဟု သုံးစွဲလာခြင်း ဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနားကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအ၀င် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီ မပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များမြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန် ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ် သောင်းကျန်းသူ အဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း တွင်လည်း ဆက်လက်တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်း ခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတနိုင်ငံလုံးတွင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ် ၀န်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီ အ၀င်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံ အကြောင်းအရာ များမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ရခိုင်ဒေသဘင်္ဂါလီဦးရေ တိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်းတောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာ ကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွား လာခြင်း ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေ လွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထား ပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း စဉ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသားစသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ခံစားခွင့် ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင်ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှုရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် ဘာသာရေးဆိုင်ရာ လွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသော ၀ိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများ ကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များကူညီစောင့်ရှောက်ရန် အတိအလင်း ပြဌာန်း ထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော် တွင်လည်း ရှေးနှစ်ပေါင်း များစွာကရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ကိုးကား- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013