
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရေကြီး၊ ရေလျှံ ပြီးနောက် ကွမ်းစိုက်ခင်းတွေ ပျက်စီးခဲ့တာကြောင့် ကွမ်းရွက်ဈေးနှုန်းဟာ တပိဿာကို ကျပ် ၈၀,၀၀၀ အထိ မြင့်တက်သွားတယ်လို့ ကွမ်းစိုက် တောင်သူတွေဆီက သိရပါတယ်။
ဇူလိုင်လ ပထမအပတ်နဲ့ ဒုတိယအပတ်က ရခိုင်ကမြို့နယ် ၁၃ ခုထက်မနည်းမှာ ရေကြီး၊ ရေလျှံမှု တွေ တာရှည်ဖြစ်ပွားခဲ့တာကြောင့် တချို့မြို့နယ်တွေက ကွမ်းစိုက်ခင်းတွေ ပျက်စီးသွားနောက်ပြီး ကွမ်းရွက်ဈေးနှုန်းတွေဟာ တဟုန်ထိုး မြင့်တက်သွားတာလို့ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းစိုက် တောင်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီလအတွင်းမှာ ကွမ်းဈေးက အရမ်းထိုးတက်သွားတယ်။ ရေကြီးမှုတွေ ဖြစ်သွားတော့ ကွမ်းခြံ အများအပြား ပျက်စီးသွားကြတာရှိတယ်။ အဲဒီတော့ မပျက်စီးဘဲ ကျန်ခဲ့တဲ့ ကွမ်းတွေက ဈေးကွက် ထဲမှာ ဈေးကောင်းရတာပေါ့။ ဒီရက်ပိုင်းဆိုရင် တပိဿာကို ၈၀,၀၀၀ ကျပ်အထိရှိတယ်။ မပျက်စီးလိုက်တဲ့ တောင်သူတွေအတွက်ဆို ဝင်ငွေကောင်းပြီးတော့ အရမ်းအဆင်ပြေကြတယ်။”
ရခိုင်ပြည်နယ်မှာ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းတွေကို ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ တောင်ကုတ်မြို့နယ်တွေမှာ အဓိက စိုက်ပျိုးရေးလုပ်ကိုင်ကြတာလို့ ဒေသခံ တွေဆီက သိရပါတယ်။
ကွမ်းအဓိက စိုက်ပျိုးတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေဟာ ဇူလိုင် အစောပိုင်းက ရက်ရှည်ရေကြီး၊ ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရတာကြောင့် ကွမ်းစိုက်ခင်း တွေနဲ့ လယ်ယာတွေ အများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ကွမ်းဈေးမြင့်တက်မှုကြောင့် ကွမ်းယာဆိုင်တွေမှာ ကျပ်ငွေ ၁,၀၀၀ ဖိုးကို ၃ ယာသာ ရရှိတော့ပြီး စားသုံးသပ်တွေ အပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနေတယ်လို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဆို ကွမ်းယာဆိုင်တွေမှာ ၁,၀၀၀ ဖိုး ၅ ယာရတယ်။ အခု ကွမ်းဈေး တက်လို့ ဆိုပြီး ၁,၀၀၀ ဖိုး ၃ ယာရတော့တယ်။ ကွမ်းအမြဲစားနေတဲ့ သူတွေက လျော့စားလို့ မရတော့ ပုံမှန် တရက် ၅,၀၀၀ ဖို့ စားနေသူတွေဆို အခု ၁၀,၀၀၀လောက် ကုန်ကျတယ်။ ဈေးတက်တော့ စားသုံးသူတွေ အပေါ်မှာလည်း ထိခိုက်တာပေါ့” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့ပေါ်နဲ့ ကျေးလက်တွေမှာပါ ကွမ်းစားသုံးသူ များပြားတာကြောင့် ကွမ်းဈေးနှုန်း မြင့်တက်လာကြောင့် လူတန်းစား မျိုးစုံအပေါ် ရိုက်ခတ်မှုရှိကြတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ကွမ်းခင်းပျက်စီးမှု ကွမ်းစိုက်တောင်သူတွေ အပေါ်မှာလည်း ဝင်ငွေကောင်းတရပ်ကို ရရှိနေကြပြီး ပျက်စီးသွားတဲ့ တောင်သူတွေဟာလည်း ပြန်လည်စိုက်ပျိုးနိုင်ကြဖို့ ငွေကြေး အခက်ခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။










