
စစ်ယူနီဖောင်းကနေ တိုက်ပုံပြောင်းဝတ်မဲ့ စစ်အစိုးရတရပ်ကို မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့ မကြာတော့တဲ့ အချိန်တခုမှာ မလွှဲမရှောင်သာဘဲ မြင်တွေ့ရဖို့ ရှိပါတယ်။
နိုင်ငံရေးဖိအားလျော့ဖို့နဲ့ နိုင်ငံတကာကို တပတ်ရိုက်ဖို့ ရည်ရွယ်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုက အတုအယောင် ဟန်ပြရွေးကောက်ပွဲပြီးလို့မှ မကြာခင်မှာပဲ ကြိုရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ရွေးကောက်ခံအစိုးရဆိုပြီး ပွဲထွက်လာဖို့ရှိနေတာ ဖြစ်ပါတယ်။
ပြိုင်ဘက်မရှိတဲ့ ရွေးကောက်ပွဲမှာ ယူနီဖောင်းချွတ်ပြီး ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ၊ အလိုအလျောက် နေရာရယူထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကနေ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အစီအမံအတိုင်း စစ်အစိုးရတရပ် ဖွဲ့စည်း အတည်ပြုသွားမှာ ဖြစ်ပါတယ်။
ပြည်သူကို ကိုယ်စားပြုခြင်းမရှိသလို ပြည်သူအများစုကလည်း အသိအမှတ်မပြုတဲ့ လွှတ်တော်က ဖွဲ့စည်းမဲ့ စစ်အစိုးရကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပဲ ဦးဆောင်ပြီး သူ့အပေါ်သစ္စာခံသူတွေနဲ့ အတုအယောင် ဒီမိုကရေစီလမ်းစဥ်နဲ့ အာဏာဆုပ်ကိုင်ဖို့ ရှိနေတာပါ။
အာဏာသိမ်းကာလ ၅ နှစ်အတွင်း စစ်ခေါင်းဆောင်အနေနဲ့ သူဦးဆောင်တဲ့အစိုးရအဖွဲ့ကို နာမည်အမျိုးမျိုးပေးပြီး လူအပြောင်းအလဲတချို့လုပ်ကာ စီမံအုပ်ချုပ်ခဲ့ပေမဲ့ တိုးတက်ပြောင်းလဲမှု ရှိမလာခဲ့တဲ့အပြင် ကဏ္ဍစုံမှာ ဆုတ်ယုတ်မှုတွေနဲ့ နာလန်မထူနိုင်အောင် ဖြစ်ခဲ့ပါတယ်။
အဲဒီ ၅ နှစ်တာကာလမှာ ပြည်သူတွေ ဒုက္ခ၊ ဆင်းရဲမှု တိုးခဲ့သလို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာလည်း မှတ်ရခက်လောက်အောင် ရှုပ်ထွေးလွန်းတဲ့ ရာထူးအသုံးနှုန်းတွေ တိုးခဲ့တာကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက် ပြစရာကောင်းကွက် မရှိခဲ့ပါဘူး။
ဒီလိုအစွမ်းအစတွေကြောင့် သူဦးဆောင်လာဦးမဲ့ အသွင်ပြောင်း စစ်အစိုးရအပေါ် ပြည်သူအများစုရဲ့ ယုံကြည်မှုအောက်ဆုံးမှာ ရှိနေပါတယ်။
အဲဒီထဲကမှ စစ်အုပ်စုကပေးတဲ့ဒုက္ခကို ၅ နှစ်တာလုံး ကျောကော့အောင်ခံခဲ့ရတဲ့ အလုပ်သမား လူတန်းစားတွေအနေနဲ့ ကိုယ်တိုင်ထိတွေ့ခံစားခဲ့ရတာကို အခြေခံပြီး အသွင်ပြောင်းအစိုးရအပေါ် ယုံကြည်မှုတင်မကဘဲ မျှော်လင့်ချက်ပါ ကင်းမဲ့နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတယောက်က “အလုပ်သမားတွေအပေါ် စိတ်စေတနာမမှန်လို့ ဘာမှမျှော်လင့်ထားမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းကာလအတွင်း ပြည်တွင်းက အလုပ်သမားတွေအနေနဲ့ လုပ်ခနည်းပါးမှုကြောင့် လူမှုဘဝ ကျပ်တည်းခဲ့ရသလို လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရမှုလည်း တရှိန်ထိုး မြင့်တက်ခဲ့ပါတယ်။
သက်ဆိုင်ရာ အလုပ်သမားရုံးတွေက အကာအကွယ်မပေးတဲ့အတွက် ဖိနှိပ်စေခိုင်းမှုတွေနဲ့ လုပ်အားအမြတ်ထုတ်မှုတွေကို လုပ်ငန်းရှင်ဘက်က အတင့်ရဲစွာ လုပ်လာခဲ့ပြီး အလုပ်သမားတွေမှာ အားကိုးရာမဲ့တဲ့ အခြေအနေ ရောက်ရှိခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂတွေကို မျက်မုန်းကျိုးနေတဲ့ စစ်ကောင်စီက သမဂ္ဂတွေရဲ့ အခန်းကဏ္ဍ ပျောက်ကွယ်အောင် ပြုလုပ်ခဲ့သလို သမဂ္ဂဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်တာ၊ သမဂ္ဂတွေကို ဖြိုခွဲတာတွေလုပ်တဲ့ လုပ်ငန်းရှင်အချို့ရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး အားပေး အားမြှောက်လုပ်တဲ့ ဖြစ်ရပ်တွေ အခိုင်အမာရှိနေပါတယ်။
အထည်ချုပ်သမဂ္ဂခေါင်းဆောင်တယောက်က “သမဂ္ဂတွေ ခေါင်းမထောင်နိုင်အောင် လုပ်ထားတာ။ ဒီစိတ်သဘောထားက ရှေ့ဆက်လည်း ပြောင်းလဲမယ်မထင်ဘူး” လို့ ပြောပါတယ်။
အဲဒီလို မြေပြင်မှာ ဆိုးရွားဖြစ်နေတဲ့ အဖြစ်ပျက်တွေရဲ့ သက်သေအထောက်အထားကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြဋ္ဌာန်းချက် ၃၃ နဲ့ မြန်မာနိုင်ငံကို အပြင်းထန်ဆုံး အရေးယူဖို့ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရွေးကောက်ပွဲဗန်းပြပြီး အစိုးရအသစ်အဖြစ် ပုံမှားရိုက်ဖို့လုပ်ပေမဲ့ ILO ရဲ့ အရေးယူမှုကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးလို့ ပြည်တွင်းအလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြောပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့ ပြောင်းလဲပြီး ရည်ရွယ်ချက်၊ သဘောထားမပြောင်းရင် အလုပ်သမားအရေး ကိစ္စရပ်တွေ တိုးတက်ဖြစ်ထွန်းတာကို မြင်တွေ့နိုင်မှာမဟုတ်ဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လူရော၊ မူရော မပြောင်းရင် အလုပ်သမားတွေအတွက် ဘာမှထူးလာမှာမဟုတ်ဘူး။ အောက်ခြေကအစ ပြောင်းလဲရမှာ။”
အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ၅ နှစ်တာကာလအတွင်းမှာ အလုပ်သမားဝန်ကြီး ၅ ယောက်အထိ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး လူစားထိုးမှု အများဆုံးလုပ်တဲ့ ဝန်ကြီးဌာနအဖြစ် ရပ်တည်ခဲ့ပါတယ်။
အလုပ်သမားဝန်ကြီး တာဝန်ပေးခံရသူတွေက စစ်ဗိုလ်ချုပ်ဟောင်းနဲ့ သံအမတ်ဟောင်းတွေဖြစ်ပြီး အလုပ်သမားအရေးနဲ့ ပတ်သက်လို့ ထိတွေ့ခဲ့ဖူးတာဆိုလို့ အရင် NLD အစိုးရလက်ထက်မှာ လဝကနဲ့ အလုပ်သမားဝန်ကြီးဌာန တွဲထားချိန်က ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် တယောက်ပဲ ရှိပါတယ်။
အခုလက်ရှိ စစ်ခေါင်းဆောင် ခန့်လိုက်တဲ့ ၅ ယောက်မြောက် အလုပ်သမားဝန်ကြီး ဖြစ်လာသူမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဟိုး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လှိုင်သာယာမြို့ နယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ကာ အနိုင်ရရှိထားပါတယ်။
အဲဒီလို ၅ နှစ်တာကာလအတွင်းမှာ အလုပ်သမားဝန်ကြီးတွေ ဖောဖောသီသီ ခန့်ခဲ့ပေမဲ့ အလုပ်သမားတွေအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ပေးတာထက် ပြည်တွင်းနဲ့ ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေကို အကျပ်ရိုက်အောင် တင်းကျပ်တဲ့ စည်းမျဥ်း၊ စည်းကမ်းတွေ ထုတ်ပြီး ချုပ်ကိုင်တဲ့ လမ်းစဥ်ကို တစိုက်မတ်မတ် လုပ်ခဲ့ကြပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီဒါရိုက်တာတယောက်က “အားလုံး သာတူညီမျှ ဒုက္ခရောက်ရတာ။ အလုပ်သမားတွေလည်း ညည်း၊ ကိုယ်တွေလည်း ညည်းပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်တွင်းက အလုပ်သမားတွေကို အကာအကွယ်ပေးဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ ပျက်ကွက်တဲ့အပြင် ပြည်ပထွက်အလုပ်လုပ်မဲ့သူတွေနဲ့ ပြည်ပမှာ အလုပ်လုပ်သူတွေကိုလည်း အခက်တွေ့အောင် လုပ်ဆောင်တာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
စစ်မူထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ ပြည်ပထွက် အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လာခဲ့ပြီး တဖက်မှာတော့ ပြည်တွင်းလုပ်သားအင်အား ဆုံးရှုံးမှု မဖြစ်ရအောင်လို့ အကြောင်းပြပါတယ်။
အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ပြည်ပထွက်လုပ်ခွင့်ကို ပိတ်ပင်လိုက်သလို အေဂျင်စီတွေရဲ့ အလုပ်သမား စေလွှတ်ရမဲ့ အရေအတွက်ကိုပါ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
ပြည်ပက ခွင့်ပြန်အလုပ်သမားတွေကို ခွင့်ပြုချက်ကျမှ ပြန်ထွက်ခွင့်ရမယ်လို့ သတ်မှတ်တာ၊ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေကို မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ အတင်းအကျပ် စေခိုင်းပြန်ပါတယ်။
အဲဒီလို စစ်ကောင်စီအနေနဲ့ ပြည်တွင်းရော၊ ပြည်ပရောက်နေသူများပါမကျန် နည်းမျိုးစုံနဲ့ ဒုက္ခပေးရင်းနဲ့ ၅ နှစ်တာကာလ ကုန်ဆုံးခဲ့ပြီးနောက်မှာ အသွင်ပြောင်းအစိုးရအဖြစ်နဲ့ ဆက်ပြီး စီမံအုပ်ချုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အစိုးရအဖွဲ့အသစ်ကို မကြာခင် မြင်တွေ့ရဖို့ရှိပြီး စစ်ကောင်စီရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံထားရတဲ့ မင်းကင်း မောင်မြင့်နဲ့ ဦးအောင်ကျော်ဟိုးတို့က အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ပေးခံရနိုင်ခြေ များနေပါတယ်။
မင်းကင်းမောင်မြင့်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီးတာဝန်ကို ၁၁ လလောက် ယူခဲ့ဖူးပြီး ဦးအောင်ကျော်ဟိုးမှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး တာဝန်ပေးခံထားရတာ ၈ လပဲ ရှိသေးသူဖြစ်ပါတယ်။
အာဏာသိမ်းကာလတလျှောက်မှာ အလုပ်သမားဒုဝန်ကြီး တာဝန်ရယူထားပြီး ပြည်တွင်းနဲ့ ပြည်ပရောက် အလုပ်သမားတွေကို အဓိကခြယ်လှယ်နေတဲ့ စစ်တပ်အရာရှိဟောင်း ဦးဝင်းရှိန် အခန်းကဏ္ဍကတော့ အဆုံးသတ်သွားမဲ့ အနေအထားမှာ ရှိနေပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဘယ်လိုအခင်းအကျင်းနဲ့ ပွဲထွက်လာသည်ဖြစ်စေ အလုပ်သမားထုအတွက် စိတ်လှုပ်ရှားစရာရှိမနေတာ သေချာပါတယ်။
အာဏာသိမ်းကာလအတွင်း ဝန်ကြီး ၅ ယောက် အပြောင်းအလဲနဲ့ ရည်ရွယ်ဆောင်ရွက်ချက်တွေကို မျက်ဝါးထင်ထင် ကြုံခဲ့ရပြီးဖြစ်တာကြောင့် အသွင်ပြောင်းအစိုးရနဲ့အတူ မြင်တွေ့ရဦးမဲ့ အလုပ်သမားဝန်ကြီးအပေါ် အလုပ်သမားတွေဆီက မျှော်လင့်ချက်ကင်းမဲ့တဲ့ အနေအထားကို အထင်းသား မြင်ရပါတယ်။
မင်းမခ










