
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာရှိတဲ့ စစ်အာဏာရှင်တပ် ခမရ (၃၀၈) တပ်ရင်းကနေ တပ်သား ၃ ယောက် ထွက်ပြေးသွားတာကြောင့် အသည်းအသန် လိုက်လံရှာဖွေနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်အခြေစိုက် ခမရ (၃၀၈) တပ်ရင်းအနီးက ကင်းစခန်းတခုမှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင်တပ်သား ၃ ယောက်ဟာ အောက်တိုဘာ ၁၇ ရက်၊ ညနေ ၆ နာရီလောက် ထွက်ပြေးသွားတာလို့ သိရပါတယ်။
ခမရ (၃၀၈) တပ်ရင်းနဲ့ နီးစပ်သူတယောက်က “ကင်းစခန်းမှာ တာဝန်ကျတဲ့ တပ်သားတွေလို့ပဲ သိရတယ်။ ၃ ယောက်ပါ။ အသည်းအသန်လိုက်ရှာနေတာ ဟုတ်တယ်။ လေးမျက်နှာဘက်ကိုလည်း လိုက်ရှာနေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ခမရ (၃၀၈) တပ်က အင်အား ၂၀ လောက်ဟာ တပ်အနီးဝန်းကျင်ဒေသတွေအပြင် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်ဘက်ကိုပါ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
သာပေါင်းတပ်ရင်းအနီး နေထိုင်တဲ့ ဒေသခံတယောက်က “တိုက်ပွဲရှိတဲ့ လေးမျက်နှာဘက်ကို ပြေးတယ်လို့ သိရတယ်။ တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းဖို့ ဖြစ်လောက်မယ်။ ရုတ်ရုတ်သဲသဲနဲ့ လိုက်ရှာနေတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်အတွင်း သဲဖြူကျေးရွာအနီးမှာ အောက်တိုဘာ ၁၇ ရက် ညပိုင်းနဲ့ အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်းတွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဒုတိယပတ်ကလည်း စစ်အာဏာရှင်တပ်နဲ့ AA ပူးပေါင်းတပ်တွေဟာ သာပေါင်းမြို့နယ်အတွင်းက ကမွန်ချဉ်တောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်က တပ်ဆုတ်ခဲ့ရတဲ့အပြင် တပ်သားတချို့လည်း ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။











