
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်အနီး စစ်အာဏာရှင်တပ်ရဲ့ ထီးသဲလယ် စခန်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက် မနက် ၆ နာရီလောက်မှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်က တပ်သားနဲ့ အရာရှိစစ်သည် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံရသလို သေဆုံးသူတွေလည်းရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ရဲ့ ထီးသဲလယ်စခန်းဗျူဟာကုန်းဟာ ကာကင်း ၆ ခုနဲ့ စခန်းလုံခြုံရေးတည်ဆောက်ထားတာ ဖြစ်ပြီး ဒီစခန်းတွေနဲ့ ဗျူဟာစခန်းတွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်ရောက် အနီးကပ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဧပြီ ၂၂ ရက် မနက်ကလည်း ဝေါလေမြိုင်ရွာအတွင်းမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဝေါလေမြိုင် တောင်ဘက်အနီး ထီးသဲလယ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကျည် ၄ လုံးက ဝေါလေမြိုင် ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၆ မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ရပ်ကွက် ၆ ရွာဦးဘုန်းတော်ကြီး ကျောင်းအရှေ့မှာ လူကြီးတယောက်နဲ့ အသက် ၈ နှစ်အရွယ် ကလေး တယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသွားတာပါ။
ထီးသဲလယ် စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲဆင်နွှဲဖို့ ကြိုးစားနေချိန် ပြီးခဲ့တဲ့ရက်တွေကတည်းက အနီးအနား ပတ်ဝန်းကျင်ကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
စစ်အာဏာရှင်က တဖက်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းနေချိန်မှာ တခြားတဖက်မှာတော့ တိုက်ပွဲတွေဖြစ်နေပြီး နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာ ဖြစ်ပါတယ်။










