
ကရင်ပြည်နယ်၊ ဖာပွန်မြောက်ပိုင်းမှာရှိတဲ့ ရိက္ခာပို့ဆောင်ဖို့ ကြိုးစားနေတဲ့ တပ်စခန်းတွေထဲက ထော့နွယ်ကျိုးနဲ့ ကော်သွေးကျိုး စစ်တပ်စခန်း ၂ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး ဖာပွန်မြောက်ပိုင်း၊ လူသောမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာ ဖြစ်ပေမဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက် ခံနေရပါတယ်။
ဒါ့အပြင် မတ်လ တတိယပတ်ကစပြီး ထော့နွယ်ကျိုးနဲ့ ကော်သွေးကျိုး စခန်း ၂ ခုကို KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ထော့နွယ်ကျိုးနဲ့ ကော်သွေးကျိုးစခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်တာ သိပ်အချိန်အကြာကြီးတော့ မဟုတ်ဘူး။ စပြီး တခုပြီးတခု ကြားမှာ ရက်သတ္တတပတ်ပဲ ကြာမယ်ထင်တယ်။ ဝိုင်းရံပိတ်ဆို့ထားတာကတော့ တခြားစခန်းတွေလည်း ရှိတော့ ဝိုင်းရံပိတ်ဆို့ထားတာတော့ မရှိဘူး။ ဒါပေမဲ့ ရိက္ခာတွေပို့ဖို့ အရှေ့ကနေပြီးတော့ ဖြတ်တောက်ထားတဲ့အပေါ်မှာ သူတို့ လူနဲ့ပို့လို့မရဘူး။ လေယာဉ်ပျံနဲ့ပဲ လာပြီးတော့မှ ချပေးရတဲ့ အနေအထားမှာပဲ ရှိတယ်။ တော်တော်လေး ကြာသွားပြီး ဖြတ်တောက်ထားတာ။ စခန်း ၂ ခု သိမ်းပိုက်လို့ ရရှိတယ်ဆိုတဲ့ အချက်အလက်ကတော့ အတည်ပြုလို့ရတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးတာတို့ သေဆုံးတာတို့ ဒဏ်ရာရရှိမှုတို့ လက်နက်ခဲယမ်းရရှိမှု အနေအထားကျတော့ မထုတ်ပြန်သေးလို့ ပြောပြလို့မရဘူး” လို့ ပြောပါတယ်။
တပ်စခန်း ၂ ခု တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၄၉ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ KNLA တပ်မဟာ ၅ ဘက်က တရာဝင် မထုတ်ပြန်သေးပါဘူး။
ကရင်ပြည်နယ် မြဝတီမြို့နယ်မှာလည်း မတ် ၃၁ ရက် ဒီကနေ့မနက်က ဝေါလေမြိုင်ရွာအနီးရှိ စစ်ကောင်စီ ထီးသဲလယ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်က ၁၂ မမ လက်နက်နဲ့ ပစ်ခတ်လို့ ဝေါလေမြိုင်ရွာသား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ရွာသား ၃၀၀ လောက် ထိုင်းဘက်ကို ယာယီစစ်ရှောင်ခဲ့ကြရပါတယ်။
တဖက်မှာလည်း စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်က လေကြောင်းအကူနဲ့ ရိက္ခာပို့ဆောင်နေရပါတယ်။
ဒါကြောင့် လက်ရှိ စစ်ရှုံးနေတဲ့ တပ်မဟာ ၅ နယ်မြေ အပါအဝင် KNU နယ်မြေတွေကို တပ်ချုပ်အသစ်က တာဝန်လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် မဟာဗျူဟာမြောက် စစ်ရေးအခင်းအကျင်းသစ်တွေနဲ့ စစ်ရေးဖော်ဆောင်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “စစ်ရှုံးကောင်စီက တပ်မဟာ ၅ မှာတော့ သူတို့ တောက်လျှောက် စစ်ရေးအရ အရေးနိမ့်နေတယ် ဆိုတာကတော့ ကြာခဲ့ပြီလေ။ ပြောချင်တာက လက်ရှိမှာ စကမက ခြေလျင် ခြေမြန်တွေနဲ့ တိုက်ခိုက်တာ ဘယ်တုန်းကမှ မနိုင်ခဲ့ဖူးဘူး။ ကရင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်မယ်ဆိုလို့ရှိရင် အနိုင်ကိုမရှိဘူး။ သို့သော်လည်းပဲ တပ်ချုပ်အသစ် တက်လာပြီးလို့ တပ်ချုပ်ရဲ့ တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ အားလုံးပြီးဆုံးသွားပြီဆိုရင်တော့ KNU တိုင်းရင်းသား ERO တွေရဲ့ ဧရိယာနဲ့ ပတ်သက်ပြီးတော့ စကမဘက်ကနေပြီးတော့ မဟာဗျူဟာမြောက် စစ်ရေးပုံစံ အခင်းအကျင်း အသစ်တွေနဲ့ ချဉ်းကပ်လာဖို့ ရှိတယ်လို့တော့ လတ်တလော သုံးသပ်လို့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကာလ ပြီးဆုံးပြီးနောက်ပိုင်း တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ရေးနဲ့မဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေပါတယ်။
ဒါကြောင့် မတ် ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် နေအိမ် ၂၂ လုံး၊ ခရစ်ယာန်ကျောင်းတကျောင်းနဲ့ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။








