
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင် ထီးသဲလယ် စစ်အာဏာရှင် တပ်စခန်းကနေ ဧပြီ ၂၀ ရက် မနက် ၆ နာရီလောက်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဝေါလေမြိုင် ရပ်ကွက် ၃ မှာ ကျရောက်ပေါက်ကွဲပြီး ရွာသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အသက် ၅၆ နှစ်နဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၂ ယောက် ဗိုက်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး နေအိမ် ၄ လုံး၊ ကား ၃ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ထီးသဲလယ် စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာပါ။
မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာ ဖလူးကြီးဘက်မှာလည်း ဧပြီ ၁၈ ရက်က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
KNLA ပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ခုခံပစ်ခတ်နေတဲ့အတွက် အင်အားသုံး ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်ရဲ့တပ်တွေ အရှေ့မတိုးနိုင်ဘဲ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဖိုးစီ










