
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ရွာအနီး၊ ထီးညလိရွာရှိ ကွယ်လွန်သူ DKBA ဗိုလ်နှုတ်ခမ်းမွှေး နေထိုင်ခဲ့တဲ့ နေအိမ်ကို စစ်ကောင်စီတပ်က YAK 130 တိုက်လေယာဥ်နဲ့ ဧပြီ ၄ ရက် နေ့လယ်က ပေါင် ၅၀၀ ဗုံးသီးတလုံး ကြဲချခဲ့လို့ အိမ်ပျက်စီးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဗိုလ်နှုတ်ခမ်းမွှေး လို့ လူသိများတဲ့ ဗိုလ်မှူးချုပ် စောလားဖွယ်ဟာ ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် (DKBA) တပ်မဟာ-၅ ရဲ့ တပ်မဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းမှာ DKBA ကနေ ခွဲထွက်သွားခဲ့ကာ ၂၀၁၆ ခုနှစ် မတ်လ ၁၃ ရက်က ကွယ်လွန်သွားခဲ့တာပါ။
လတ်တလော ဗုံးကြဲခံရရတဲ့ နေအိမ်ကတော့ လူတွေ နေထိုင်တာ မရှိတာကြာပြီဖြစ်ကြောင်းနဲ့ ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဝေါလေမြိုင်ရွာသားတယောက်က “အမှတ်မထင်ဘဲ ဗုံးကြဲတာ အသံတော့ ကြားလိုက်ရတယ်၊ စစ်ကော်မရှင်တပ်က ဝေါလေမြိုင်ရွာကို ပုံမှန်ဗုံးကြဲတာ ထင်လို့ သတိမထားမိဘူး။ နောက်ရက်မှပဲ NCA လက်မှတ်ရေးထိုးထားတဲ့ ဗိုလ်ချုပ်ကြီး နှုတ်ခမ်းမွှေး အိမ်လို့ သိရတယ်။ ပျက်စီးပြိုကျတာတော့ အနည်းငယ်ရှိတာပေါ့။ ဒါက ငြိမ်းချမ်းရေး လိုလားတဲ့ လူကြီးဖြစ်တဲ့ အဘိုးအိမ်ကို ဗုံးကြဲတာ မဖြစ်သင့်ဘူး”လို့ ပြောပါတယ်။
မြဝတီမြို့နယ် ဝေါလေမြိုင်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုများနေသလို ထီးညလိဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ပြည်သူအိမ်တွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဧပြီ ၅ ရက် ည ၁၀ နာရီခွဲကလည်း မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ရွာကို ကာမီကာဇေ ဒရုန်း ၂ စင်းနဲ့ စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
မြဝတီမြို့မြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်ပြီး ထိုင်းနိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်တချို့ ပျက်စီးတာလည်း ရှိခဲ့ပါတယ်။
ထိုင်းတပ်မတော် ဗိုလ်ချုပ် ပရစံဟေပရစေ့နဲ့အဖွဲ့က ထိုင်း-မြန်မာနယ်စပ် မြဝတီတဘက်ကမ်း၊ တာ့ခ်ခရိုင်၊ ဖုတ်ဖမြို့ကို ဧပြီ ၅ ရက် မနက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မြန်မာဘက်ခြမ်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကျည်တွေ ထိုင်းနိုင်ငံဘက် ကျရောက်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိတဲ့အတွက် ထိုင်းပြည်သူတွေ အန္တရာယ်ကင်းအောင် တိုက်ပွဲအခြေအနေကိုကြည့်ပြီး လုံခြုံရေးတင်းကျပ်သွားမယ်လို့ ထိုင်းဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။










