
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်မှုမှာ ပြည်သူ့ ၄၉ ယောက် သေဆုံးပြီး အယောက် ၆၀ လောက် ဒဏ်ရာရရှိခဲ့တဲ့အပေါ် တာဝန်ခံမှုရှိဖို့ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြေပြင်မှာ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိတာကြောင့် မြန်မာပြည်အနှံ့က လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အားကိုး အသုံးပြုနေတယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရမှာ ဖြစ်ပြီး မြန်မာစစ်အာဏာရှင်တပ်အနေနဲ့ တာဝန်ခံမှုရှိရမယ်လို့ အင်ဒိုနီးရှားလွှတ်တော်အမတ်နဲ့ APHR ဥက္ကဋ္ဌ မာစီ ခရစ်စတီ ဘာရန်ဒ်စ်က ပြောပါတယ်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဖြစ်စဉ်တွေထဲက နောက်ထပ်ဖြစ်ရပ်တခုလို့ APHR အဖွဲ့က ပြောပါတယ်။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စက်တင်ဘာ ၂၈ ရက်နေ့လယ်က စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၄၉ ယောက်ရှိပြီး အယောက် ၅၀ ထက်မနည်း ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်ကလည်း ကျောက်တော်မြို့နယ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသားအယောက် ၂၀ ခန့် သေဆုံးခဲ့သလို ၂၀၂၅ ခု ဒီဇင်ဘာလ လေကြောင်းတိုက်ခိုက်မှုတခုမှာ မြောက်ဦးပြည်သူ့ဆေးရုံ လူနာတွေ၊ လူနာစောင့်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် အနည်းဆုံး ၃၃ ယောက် သေဆုံးခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်မှာ ပြည်သူ ၆၄၁ ယောက် သေဆုံးပြီး ၂၀၂၅ ခုနှစ်မှာ ပြည်သူ ၉၈၂ ယောက် သေဆုံးခဲ့တဲ့အတွက် သေဆုံးမှုအရေအတွက် တိုးမြင့်လာတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းမှု ၂၀၂၁ နှစ်နောက်ပိုင်း ပဋိပက္ခတွေကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ လူပေါင်း ၅ သိန်းနီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေသရွေ့ အာဆီယံနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ စစ်အာဏာရှင်ခေါင်းဆောင်တွေကို အခုနှစ် နိုဝင်ဘာလကျင်းပမဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ရောက်ခွင့်မပေးဖို့ APHR အဖွဲ့က တောင်းဆိုထားပါတယ်။
အာဆီယံအဖွဲဝင်နိုင်ငံတွေအားလုံး မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ခရီးစဉ်တွေနဲ့ ဂုဏ်ပြုဧည့်ခံမှုတွေကတဆင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ပေးအပ်တာကို ရပ်တန့်ဖို့၊ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားပြုနေရာ ရယူဖို့ စစ်အာဏာရှင်ရဲ့ ကြိုးပမ်းမှုကို ပယ်ချဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်အာဏာရှင်တပ်ထံ လက်နက်၊ လေယာဉ်ဆီနဲ့ စစ်ဘက်နဲ့ အရပ်ဘက် ၂ မျိုး အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနေတာကို ရပ်တန့်ပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့နဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထောက်ခံဖို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုခံရသူတွေထံ လူသားချင်းစာနာမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး ခွင့်ပြုပေးဖို့လည်း တိုက်တွန်းထားပါတယ်။
လတ်တလော ကျောက်တော် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေထံ အထူး၀မ်းနည်းကြောင်းနဲ့ တရားမျှတမှုရရှိရေးနဲ့ စစ်အာဏာရှင်တို့ အကြမ်းဖက်အုပ်ချုပ်မှုကို အဆုံးသတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်နေကြောင်း APHR ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










