Spider-Man: Brand New Day ဇာတ်ကားသစ်ဟာ ကမ္ဘာတလွှား ရုံတင်အဖွင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၂၇ သန်း ရရှိခဲ့ပြီး သမိုင်းတလျှောက် ဒုတိယအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
မြောက်အမေရိက ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၃၅၅ သန်း ရရှိခဲ့တာပါ။
မင်းသား တွမ်ဟော်လန် (Tom Holland) စတုတ္ထအကြိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာ ပီတာပါကာ (Peter Parker) အကြောင်း မေ့နေကြတဲ့ ကမ္ဘာကြီးမှာ ရာဇဝတ်မှုတွေကို နှိမ်နင်းနေရတာကို ပုံဖော်ထားပါတယ်။
မင်းသမီး ဇန်ဒေးရားက ပီတာပါကာရဲ့ ချစ်သူ အမ်ဂျေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ မိတ်ဆွေသံယောဇဉ်အကြောင်း အဓိကရိုက်ကူးထားပြီး ကမ္ဘာတဝန်းက ပရိသတ်တွေအတွက် ခံစားမှုရသ ပေးစွမ်းနိုင်တယ်လို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေး ဥက္ကဋ္ဌ တွမ်ရော့သ်မန်းက ပြောပါတယ်။
နိုင်ငံတကာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၂ သန်း ရရှိခဲ့တဲ့အထဲမှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၂၁ သန်းနဲ့ အများဆုံး ပါဝင်နေပါတယ်။
ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဒီ Spider-Man ဇာတ်ကားသစ်ဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေဆီက ၉၀ ရာခိုင်နှုန်းနဲ့ ရုပ်ရှင်ကြည့်ရှုသူတွေဆီက ၉၈ ရာခိုင်နှုန်းစီ ထောက်ခံမှု ရရှိထားပါတယ်။
ကမ္ဘာတလွှား ရုံတင်အဖွင့်ဝင်ငွေ အများဆုံးစံချိန်ကိုတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers: Endgame ဇာတ်ကားက အမေရိကန်ဒေါ်လာ ၁,၂၂၃ သန်းနဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
ရုံတင်အဖွင့်ဝင်ငွေဆိုတာ ဇာတ်ကားသစ်တကား ရုံစတင်တဲ့ သောကြာနေ့ကစပြီး စနေ၊ တနင်္ဂနွေ ပထမရုံတင်ရက်သတ္တပတ်အတွင်း ရရှိတဲ့ဝင်ငွေကို ဆိုလိုတာဖြစ်ပါတယ်။










