
“The Odyssey” ဇာတ်ကားဟာ ပထမဆုံး ရုံတင်ပြသခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတင် အမေရိကန် ဒေါ်လာ ၂၆၄ သန်းအထိ ရရှိထားတယ်လို့ Universal Pictures စတူဒီယိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီထဲမှာ မတ်ဒေမွန်၊ အန်းဟက်သဝေး၊ တော်မ်ဟော်လန်နဲ့ ဇန်ဒေးယားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး နှစ်ပေါင်း ၂,၇၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်း ဂရိကဗျာရှည်ကြီးကို အခြေခံ ရိုက်ကူးထားတာပါ။
ခရစ်တော်မပေါ်မီ ၈ ရာစုကာလက ဂရိကဗျာဆရာကြီး ဟိုးမားရဲ့ လက်ရာကို ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်အတွက် ဒေါ်လာ သန်း ၂၅၀ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ထရိုဂျန် စစ်ပွဲအတွင်း တိုက်ပွဲဝင်ပြီးနောက် အီသာကာ တိုင်းပြည်ဘုရင် အိုဒစ်ဆီးယပ်စ်က အိမ်အပြန်လမ်းမှာ အန္တရာယ်မျိုးစုံကို ဖြတ်ကျော်ခဲ့ရတဲ့ ၁၀ နှစ်ကြာ ခရီးစဉ်အကြောင်း ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး Oppenheimer ဇာတ်ကားထက်တောင် ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ ရုပ်ရှင်အသစ်ဟာ အဖွင့်ဝင်ငွေ ပိုပြီးကောင်းခဲ့တာကို တွေ့ရပါတယ်။
“Oppenheimer” ဆိုရင်လည်း ကမ္ဘာတဝန်း ရုံတင်ဝင်ငွေ ဒေါ်လာ ၉၇၅ သန်းနဲ့ အော်စကာ ၇ ဆု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒီဇာတ်ကား ၂ ခုစလုံးရဲ့ ပဲ့ကိုင်ရှင် နိုလန် ကိုယ်တိုင်က “Oppenheimer” အောင်မြင်သွားလို့သာ “The Odyssey” ကို ဆက်လက်ရိုက်ကူးခွင့် ရလာတာဖြစ်ကြောင်း ပြောပြပါတယ်။
ဇူလိုင် ၁၇ ရက်က ပွဲထွက်လာတဲ့ The Odyssey ဟာ တကားလုံးကို IMAX ကင်မရာတွေနဲ့သာ အစ အဆုံး ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။
IMAX ကင်မရာတွေဟာ ရုပ်ထွက်ပိုင်း ပိုမိုကြည်လင်ပြတ်သားကာ အရောင်အသွေး ပိုပြီး တောက်ပပေမဲ့လည်း အရွယ်အစားကြီးမားတဲ့အပြင် အသံဆူညံတဲ့အလျောက် ကိုင်တွယ်ရတာ ခက်ခဲတယ်ဆိုပြီး ဖော်ပြထားပါတယ်။
အခုလိုမျိုး ရိုက်ကူးရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နောက်ထပ် ရုပ်ရှင်အသစ် ရိုက်ဖို့ဆိုရင် အနည်းဆုံး ၃ နှစ်လောက် အချိန်ယူဦးမယ်ဆိုပြီး Today မီဒီယာကို နိုလန်က ဖြေဆိုထားပါတယ်။
The Odyssey ဇာတ်ကားကို နိုင်ငံတကာ ဈေးကွက်ပေါင်း ၇၃ ခုမှာ တပြိုင်နက်ရုံတင်ပြီး ကမ္ဘာအနှံ့ ရုပ်ရှင်ရုံ ၂၆,၀၀၀ ကျော်က ပြသနေပေမဲ့လည်း အဲဒီထဲမှာ IMAX ပြနိုင်တဲ့ရုံ ၄၄၀ သာ ပါဝင်ပါတယ်။
လောလောဆယ်အထိ “The Odyssey” ဟာ နိုလန်ရဲ့ “အကောင်းဆုံးရုပ်ရှင်လက်ရာ” ဖြစ်တယ်ဆိုတဲ့ ချီးကျူးသံတွေပါ ထွက်ပေါ်နေပါတယ်။











