DVB Logo
Home
မြန်မာသတင်း
ပြန်ထွက်ခွာခွင့်မရသည့် ခွင့်ပြန်အလုပ်သမား ထောင်နှင့်ချီ မြင့်တက်လာ
DVB
·
June 2, 2026
Photo : DVB
Photo : DVB
Donate to DVB

ခွင့်ပြန်အလုပ်သမားတွေကို စစ်အာဏာရှင်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးပြ ကန့်သတ်နေတာကြောင့် ပြန်လည်ထွက်ခွာအလုပ်လုပ်ခွင့် ငြင်းပယ်ခံရသူ တဟုန်ထိုး မြင့်တက်လာနေတယ်လို့ အလုပ်သမားအေဂျင်စီတချို့က ပြောပါတယ်။

ခွင့်နဲ့ပြန်လာပြီး ပြန်ထွက်ဖို့ ပြင်ဆင်တဲ့အခါ စစ်အာဏာရှင်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ငြင်းပယ်တာခံရသူ အလုပ်သမားအရေအတွက်ဟာ ဧပြီနဲ့ မေလထဲမှာတင် အယောက် ၁,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ပြောကြပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတခုရဲ့ တာဝန်ရှိသူတယောက်က “ပြည်ပက အလုပ်သမားတွေကို ဝန်ကြီးဌာနက တခုချင်း ပိုစိစစ်လာတာပေါ့။ အရင်က ၂၅ ရာခိုင်နှုန်း တရားဝင် လွှဲရမယ် လုပ်တယ်။ နောက်ပိုင်းကျ ပြန်ဝင်လာသူတွေကို OWIC ကတ် ထုတ်မပေးတော့တာ၊ ပတ်စ်ပို့ သက်တမ်း ထပ်တိုးမပေးတာတွေ လုပ်တယ်” လို့ ပြောပါတယ်။

နေ့စဉ် အလုပ်သမားဝန်ကြီးဌာနက ပြန်ထွက်ခွင့်ရသူ၊ ငြင်းပယ်ခံရသူတွေကို ကြေညာနေပြီး အဲဒီစာရင်းတွေကို ကြည့်ရုံနဲ့ ပြန်ထွက်ခွင့်မရသူ အရေအတွက် မြင့်တက်နေတာကို တွေ့နိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီ တချို့က ပြောပြတယ်။

အလုပ်အကိုင်အေဂျင်စီတခုရဲ့ တာဝန်ရှိသူတယောက်က “အချက်အလက်ပြည့်စုံရင်လည်း လေဆိပ်မှာ ကိုယ့်နာမည်ပါတဲ့ သူတို့ထုတ်ပြန်ထားတဲ့ စာရွက်ကို ပြရတယ်။ အဲဒါတွေ မပြည့်စုံရင် ပြန်ထွက်လို့မရဘူး။ ဒါကြောင့် ဒီအတောတွင်း ပြန်ထွက်ခွင့်မရတဲ့သူက များလာတာ” လို့ ပြောပါတယ်။

အလုပ်သမားတွေကို အလုပ်သမားသက်သေခံကတ် (OWIC) ရှိပေမဲ့ လိုအပ်ချက်တွေ မပြည့်စုံတာ၊ စစ်အာဏာရှင်အစိုးရကို ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်း မဆောင်ထားတာ၊ အလုပ်ရှင်ရဲ့ ခွင့်စာ မပါတာ စတဲ့ အကြောင်းပြချက်တွေနဲ့ အများစု ပြန်ထွက်ခွင့် ပယ်ချခံနေရတယ်လို့ ပြည်ပ အလုပ်သမားပို့ဆောင်သူတချို့က ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ လက်ရှိ စစ်အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ချွတ်ခြုံကျသွားတဲ့ နိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ လုပ်သားအင်အားစုတွေလို့ ဖော်ပြကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ နှစ်စဉ် ပြည်တွင်းက မိသားစုတွေဆီကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကနေ ၃ ဘီလီယံကြား ပြန်ပို့နေပြီး အခြေခံလူတန်းစား မိသားစုဝင်တွေအတွက် အဓိက ဝင်ငွေအသက်သွေးကြောလို့ ဆိုပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ တရားမဝင်လမ်းကြောင်းကနေ ပြည်ပထွက်အလုပ်လုပ်ကိုင်မှု မြင့်တက်လာတယ်လို့ ဖော်ပြပါတယ်။

အဓိက ကတော့ ၂၀၂၄ မှာ စစ်အာဏာရှင်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ နိုင်ငံစီးပွားရေး ဆက်တိုက်ကျဆင်းလာမှုကြောင့် တရားဝင်လမ်းကြောင်းတွေအပြင် တရားမဝင် လမ်းကြောင်းတွေကနေလည်း နယ်စပ်ဖြတ်ကျော် ပြည်ပထွက်ခွာမှု ယခင်ကထက် ၃ ဆ ပိုမြင့်လာတယ်လို့ ILO က ဖော်ပြတယ်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေနဲ့ ကာယကံရှင်မိသားစုဝင်တချို့ကတော့ စစ်အာဏာရှင်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဟာ စစ်မှုထမ်း အကျုံးဝင်တဲ့ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခွင့်မရအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်ပထွက်ခွာခွင့်မရတဲ့ လူငယ်တယောက်ကရဲ့ မိခင်က “ကျမသားက အသက်က ၁၉ နှစ်၊ ထိုင်းမှာ အလုပ်လုပ်ဖို့ အေဂျင်စီနဲ့ အပ်ထားတာ။ အေဂျင်စီကလည်း ဌာနဆိုင်ရာတွေဆီက ခွင့်ပြုချက်ကျဖို့ လုပ်နေတာ ၅ လလောက် ရှိပြီ။ ကျမသားနဲ့အတူတူ လျှောက်ထားတဲ့သူတွေတောင် ထွက်ခွင့် ရနေပြီ။ သူတို့က အသက်က လွတ်တယ်လေ။ အခု ကျမသား ထွက်ဖို့ လျှောက်ထားတာ ပြန်ကျမလာတော့ အေဂျင်စီကတောင် ငွေတဝက် ပြန်ပေးမယ်၊ လျှောက်ဖို့ အဆင်မပြေတော့ဘူးတဲ့။ စစ်မှုထမ်း အသက်ထဲ ဝင်နေလို့လို့ ပြောတယ်” လို့ ပြောပါတယ်။

သူ့အနေနဲ့ သားဖြစ်သူကို တရားဝင်လမ်းကြောင်းက ပို့လို့မရတဲ့အဆုံး တရားမဝင်လမ်းကြောင်းကနေ ပို့ဆောင်ဖို့ စီစဉ်နေကြောင်း ဆက်ပြောပါတယ်။

ဒီနှစ် ဧပြီ ၂၈ မှာ ပြည်တွင်းပြန်ဝင်မယ့် မြန်မာအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးကနေ ထောက်ခံစာယူခဲ့ရမယ်လို့ ထုတ်ပြန်သလို ၂၀၂၄ ခု စက်တင်ဘာတုန်းကလည်း ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းကနေ မလွှဲရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ OWIC ကတ် ထုတ်ပေးတာတွေကို မလုပ်ပေးဘူးလို့ စစ်အာဏာရှင်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) ကတော့ မြန်မာနိုင်ငံသား ပြည်ပရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ လူပေါင်း ၄ သန်းကနေ ၅ သန်းကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

အများဆုံးက ထိုင်းနိုင်ငံမှာ ဖြစ်ပြီး၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် နဲ့ တခြားအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ရောက်ရှိ အလုပ်လုပ်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013