
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အရှေ့ဘက်က အီကူရူဟီလီမြို့နဲ့ အနီးတဝိုက်မှာ လွန်ခဲ့တဲ့ ၂ လအတွင်း အမျိုးသမီး ၇ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တောင်အာဖရိကရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက် မှာ ပြောပါတယ်။
ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူဟာ လူသတ်သမား တဦးတည်းလား၊ အုပ်စုလိုက်လား၊ ဒါမှမဟုတ် အတုယူ ကျူးလွန်တဲ့ (copycat) ရာဇဝတ်မှုလားဆိုတာကို စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်အထိတော့ အမှုတွေကြားမှာ တိကျတဲ့ ဆက်စပ်ချက် တစုံတရာကို မတွေ့ရသေးဘူး လို့လည်း ဆိုပါတယ်။
အမှုက ရှုပ်ထွေးပြီး အမျိုးသမီး အများအပြား သတ်ဖြတ်ခံထားရတာကြောင့် စုံစမ်းစစ်ဆေးရေးမှူး တွေကို အလျင်စလို ဖိအားမပေးဘဲ သေချာနှံ့စပ်အောင် အချိန်ယူ စစ်ဆေးခွင့်ပေးထားတယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူ အက်သ်လန်ဒါ မာသ် က ပြောပါတယ်။
အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေဖြစ်တဲ့ အဆိုပါ သားကောင်အများစုရဲ့ အလောင်းတွေကို အီကူရူဟီလီ တစ်ဝိုက်က မတူညီတဲ့ နေရာတွေမှာ တွေ့ရှိခဲ့တာပါ။
အလောင်းတချို့ဟာ အဝတ်အစား တပိုင်းတစနဲ့ ဒါမှမဟုတ် အဝတ်ဗလာ ဖြစ်နေကြပြီး တချို့အမှု တွေမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပြဿနာဟာ အစိုးရက နှစ်ပေါင်းများစွာ ကိုင်တွယ် ဖြေရှင်းမယ်လို့ ကတိပေးခဲ့ပေမဲ့ တောင်အာဖရိကမှာ အမြစ်တွယ်နေဆဲ လူမှုရေးပြဿနာတရပ် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အပြစ်တင်နေချိန် မဟုတ်တော့ဘဲ ဇွန်လ ၃၀ ရက် ဆန္ဒပြပွဲတွေ မတိုင်ခင်က သုံးခဲ့တဲ့ စွမ်းအားမျိုးကိုပဲ ဆက်သုံးသွားမှာဖြစ်ကာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေနဲ့ တက္ကစီအသင်း အဖွဲ့တွေကိုပါ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။
တရားဝင် ရာဇဝတ်မှု စာရင်းဇယားတွေအရ တောင်အာဖရိကဟာ တရက်ကို လူသတ်မှု ပျမ်းမျှ ၆၀ လောက် ရှိတာကြောင့် ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပဖို့ ရှိနေတဲ့ မြို့နယ်အလိုက် ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ အကြမ်းဖက် ရာဇဝတ်မှုတွေဟာ ပြည်သူတွေရဲ့ ဒေါသနဲ့ စိုးရိမ်ပူပန်မှုတွေကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်း တခု ဖြစ်နေဆဲ ဖြစ်ပါတယ်။
Source:Reuters











