DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်စီမံကိန်းများပြန်သုံးသပ်ရန်နှင့်  ကြက်၊ ဝက် မွေးမြူကြရန် စစ်အာဏာရှင်တိုက်တွန်း 
DVB
·
April 11, 2026
Photo: MOI
Photo: MOI
Donate to DVB

အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရတဲ့ မလုပ်ဖြစ်သေးတဲ့ လျှပ်စစ်စီမံကိန်းတွေကို ပြန်သုံးသပ်ကြဖို့နဲ့  ကြက်၊ ဝက် မွေးမြူကြဖို့  စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။

ဧပြီ ၁၀ ရက်က သူ့ရဲ့ ဩဇာခံ အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံပြောခဲ့တာလို့ ဝါဒဖြန့် ပြန်ကြားရေးဌာနက ထုတ်ပြန်တာပါ။

စစ်အာဏာရှင် မင်းအောင်လှိုင်က “လျှပ်စစ်ကဏ္ဍဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာလိုအပ်နေသေးတဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲလို လုပ်ဆောင်ရာမှာ ဆောင်ရွက်ဆဲစီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုသလို အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရတဲ့၊ မလုပ်ဖြစ်သေးတဲ့ လျှပ်စစ်စီမံကိန်းတွေ ကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေတဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေနဲ့ လုပ်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်။ အချို့မြစ်တွေမှာ မြေနိမ့်တမံတွေ တည်ဆောက်ပြီး ရေကိုထိန်းသိမ်းသိုလှောင်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးကို အထောက်အကူပေးနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လုပ်နိုင်မှာဖြစ်လို့ စဉ်းစားဆောင်ရွက်ကြဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တနှစ်ကို ရက် ၂၅၀ ကနေ ၃၀၀ အထိ နေရောင်ခြည်ရတာကြောင့် အိမ်သုံးကအစ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်း စတာတွေမှာ ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲကြဖို့လည်း သူက ပြောခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်တုန်းက ကချင်ပြည်နယ်က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်စတင်ဖို့ ပြီးခဲ့တဲ့နှစ်တွေမှာ စကားလမ်းကြောင်းခဲ့သလို ကရင်ပြည်နယ်မှာလည်း ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်ဖို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒီတွေ့ဆုံပွဲကို မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းနာခံခြင်းနဲ့ ကတိသစ္စာပြုခြင်းကို သုံးနှုန်းထားပြီး စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ အရင်က တွေ့ဆုံပွဲအဆက်ဆက်မှာ ပြောနေကျ အတိုင်း မဲမသမာတာကြောင့် အာဏာသိမ်းရတယ်ဆိုတာကစလို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ အပါအဝင် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် လုပ်ပေးခဲ့ တယ်ဆိုတာက ထပ်ပြီး ပြောပါတယ်။

ပြီးတော့ ဝါနဲ့ ဝါး၊ ရာဘာစိုက်ကြဖို့၊ ဆီထွက်သီးနှံစိုက်ကြဖို့၊ ကြက်၊ ဝက် စတာတွေ မွေးမြူကြဖို့ကိုလည်း ပြောခဲ့ပါတယ်။

တကယ်တမ်းမှာတော့ အဘက်ဘက်က ကန့်သတ်ပိတ်ဆို့တာတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် သွင်းအားစုတွေ အဆမတန်ဈေးကြီးပြီး တောင်သူတွေ အခက်ကြုံနေရသလို စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်လည်း နယ်တွေမှာ စိုက်ပျိုးရေးမလုပ်နိုင်အောင်ဖြစ်ပြီး အခက်တွေ့နေကြရတာပါ။

စစ်အာဏာရှင် မင်းအောင်လှိုင်က “အခြေအနေပေးသလောက်၊ ထုတ်လုပ်နိုင်သလောက် မထုတ်လုပ်နိုင်ကြလို့ ဒီနေ့ဝယ်လိုအားနဲ့ မမျှတတာဖြစ်နေပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အများစုကို ပြည်ပကတင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေတာလည်း ဖြစ်ပါတယ်။ အလားတူ မွေးမြူရေးမှာလည်း ဥစားကြက်မွေးမြူရေး၊ အသားတိုးကြက်မွေးမြူရေး၊ အသားတိုးဝက် မွေးမြူရေးတွေမှာ မွေးမြူနေကြတဲ့အရေအတွက်နဲ့ စားသုံးသူဦးရေ အချိုးမမျှတတာတွေ တွေ့ရပါတယ်။ မိသားစုတိုင်း မိသားစုတိုင်း တအိမ်ထောင်စားသုံးရေး အတွက် တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကြဖို့ အားပေးဆောင်ရွက်သွားကြစေချင်ပါတယ်။ ရှေးယခင်ကတည်းကရှိခဲ့တဲ့ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့စကားဟာ တကယ်လုပ်ကြရင် မိသားစုစားဝတ်နေရေး အဆင်ပြေသလို မြေကိုအကျိုးရှိအောင် အသုံးချတာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးကဏ္ဍကိုမြှင့်တင်ပြီး ပြည်သူတွေ သွားလာတာ အဆင်ပြေစေဖို့နဲ့ ကုန်စည်စီးဆင်းတာတွေ မှန်ကန်မြန်ဆန်အောင်လုပ်ပေးဖို့လိုတယ်လို့ ပြောပြီး လက်တွေ့မှာတော့ ပြည်သူတွေ ခရီးသွားတာမှာ၊ ကုန်ပစ္စည်းပို့ဆောင်တာမှာ ကန့်သတ်ထားတာတွေ ကြောင့် စရိတ်စကတွေ အများကြီးကုန်ပြီး ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013