
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ စီးပွားရေး မပြေလည်တွေကြောင့် စာသင်ခန်းပြင်ပကို ရောက်ကုန်ကြတဲ့ ကျောင်းနေအရွယ်ကလေး အတော်များများ ရှိနေပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ထဲက အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်တခုရဲ့ အခြေအနေကို ရပ်ကွက်နေ ပြည်သူတယောက်က “ပန်းရန်ထဲမှာပေါ့ကွယ်၊ ဟိုဟာသယ် ဒီဟာသယ်ကို ၁၂ နှစ်၊ ၁၃ နှစ်လေးတွေကျတော့ တနေ့ကို ၁၀,၀၀၀ ရတယ်။ ၁၅ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ် အသက် ၂၀ လောက်လေးတွေကျတော့ ၁၈,၀၀၀ ရတယ်”လို့ ပြောပါတယ်။
အခြေခံစားကုန်သောက်ကုန်ဈေးနှုန်းတွေဟာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ဆက်တိုက်လည်း မြင့်လာနေပါတယ်။
စားဝတ်နေရေး ကျပ်တည်းတဲ့ မိသားစုတွေမှာ ကျောင်းနေရမဲ့အရွယ် ကလေးတွေက အလုပ်ကြမ်း လုပ်ငန်းခွင်တွေထဲမှာ မိသားစု စားဝတ်နေရေးအတွက် တဖက်ကနေ ကူညီရှာဖွေနေကြရတာ ဖြစ်ပါတယ်။
အခြေခံလူတန်းစားတွေ အနေနဲ့ ကလေးတွေကို စာဖတ်တတ် ရေးတတ်ရုံလောက်သာ မူလတန်းအထိ ကျောင်းအပ်နှံနိုင်ကြောင်း သိရပါတယ်။
ကျိုက်ထိုမြို့ခံတယောက်က “ကျောင်းမထားနိုင်တဲ့ လူတွေက ပိုများသွားပြီ။ အိမ်တွေမှာဆို အခုတက်တဲ့ သူငယ်တန်း ကျောင်းသားလေးတွေ ဘာတွေ KG တို့ ဘာတို့ပေါ့၊ အဲလိုဟာတော့ ထားကြတယ်။ ၃ တန်း၊ ၄ တန်းလောက် ရောက်သွားရင် မထားနိုင်ကြတော့ဘူး။ ကျောင်းကြီး ရောက်သွားရင် ကျောင်းစရိတ်ရယ်၊ သူတို့ အဝတ်အစားဖိုးပေါ့။ နောက်ပြီး ဒီကလေးတွေက ကျောင်းမထားဘူး ဆိုလို့ရှိရင် ဘယ်လိုပဲ ခိုင်းစားခိုင်းစား တနေ့ ၄၊ ၅၊ ၆ ထောင် ရတယ်။ အဲဒါတွေပဲ ခိုင်းစားကြတာ။ ပိုများလာတယ်၊ များလာတယ် ဆိုတာထက် ဘယ်လိုပြောမလဲ၊ နည်းနည်း တတ်နိုင်တဲ့ မိသားစုကပဲ ကလေးတွေကို ၈ တန်းတို့၊ ၁၀ တန်းတို့ ထားနိုင်တာ။ တချို့ကျတော့လည်း ၁၀ တန်း မအောင်ရင်လည်း နောက်ထပ် ထားစရာမရှိတော့ မထားတဲ့လူတွေလည်း ရှိတာပေါ့။ ခက်ခဲလာတာပေါ့၊ စားဝတ်နေရေး တော်တော်ကြီးကို ခက်ခဲကြတယ်”လို့ ပြောပါတယ်။
လက်ရှိ စာသင်မဲ့ ကျောင်းနေအရွယ် ကလေးတွေအတွက် မဖြစ်မနေလိုအပ်တဲ့ ဗလာစာအုပ် တဒါဇင်က ၂၀,၀၀၀ ဝန်းကျင်နဲ့ ဘောပင်နဲ့ ခဲတံဈေးတွေကလည်း တချောင်းကို ၁,၀၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ ဆိုပါတယ်၊ ကျောင်းဝတ်စုံတွေကလည်း ပိတ်စအသားပေါ်မူတည်ပြီး ဈေးအမျိုးမျိုး ရှိနေတာပါ။
ဒီဈေးတွေဟာ မြို့ပြမှာရှိတဲ့ ကုန်စုံဆိုင်တွေရဲ့ ရောင်းဈေးတွေဖြစ်ပြီး ပဋိပက္ခတွေဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရ ခက်ခဲတဲ့ ဒေသတွေမှာ အခုထက် ပိုဈေးကြီးနိုင်ကြောင်းလည်း သိရပါတယ်။
Hunger Hotspots Report ရဲ့ ၂၀၂၆ မေ ၂ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃ ယောက်မှာ ၁ ယောက် အရေအတွက်အားဖြင့် လူဦးရေ ၁၆ ဒသမ ၇ သန်းက ပြင်းထန်တဲ့ စားနပ်ရိက္ခာ အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး ၄၇ ရာခိုင်နှုန်းကသာ ကျောင်းတက်နေပြီး ၅၃ ရာခိုင်နှုန်း လောက်ကတော့ ကျောင်းပြင်ပကို ရောက်နေကြောင်း Gross Enrollment Ratio (GER) အရ သိရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျု ISP Myanmar ရဲ့ ဒေတာတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း အခြေခံပညာ ရရှိခွင့်ဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ၂၀၁၉-၂၀ ပညာသင်နှစ်တုန်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ကျောင်းသားဦးရေက ၉ ဒသမ ၇ သန်းကျော် ရှိခဲ့ပြီး ၂၀၂၅-၂၆ ပညာသင်နှစ်မှာတော့ ၆ ဒသမ ၁ သန်းကျော်လောက်သာ ရှိကြောင်း သိရပါတယ်။
ကျောင်းဆရာတယောက်က “အခု ၂၀၂၄-၂၀၂၅ ခုနှစ်ထက်၊ အခု ၂၅-၂၆ မှာ ကျောင်းသားဦးရေကတော့ တော်တော်လေး လျော့သွားပါတယ်။ ဘာဖြစ်လို့ လျော့တာလဲဆိုတော့ တချို့ကျောင်းသားတွေကလည်း အသက်အရွယ်တခု ရောက်လာတဲ့အခါကျတော့ ဒီအခြေခံအဆင့်ကို မသင်ချင်ကြတော့တာတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကြောင့် အပြင်အလုပ် ထွက်လုပ်ကြတာတွေနဲ့ တော်တော်များများကတော့ ကျောင်းသား တော်တော်များများ လျော့သွားတာ တွေ့ရတယ်ပေါ့နော်။ အဓိက အကြောင်းအရင်းကတော့ မပြေလည်မှုတွေပေါ့နော်။ ပြေလည်မှုမရှိတဲ့အခါကျတော့ ကျောင်းမတက်နိုင်ကြတာတွေ၊ စားဝတ်နေရေးအတွက် အပြင်အလုပ် ထွက်လုပ်တာတွေကြောင့်လည်း ပါမယ်ပေါ့နော်။ အတန်းကြီး အများဆုံး လျော့တာ တွေ့ရပါတယ်ခင်ဗျ။ အတန်းငယ်တွေတော့ အဲလောက်မဟုတ်ပေမဲ့ အတန်းကြီး ၁၀၊ ၁၁၊ ၁၂ တွေကျတော့ သိသိသာသာကြီး လျော့ကျတာမျိုး တွေ့ရပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
စီးပွားရေးမတည်ငြိမ်မှု၊ မိသားစုဝင်ငွေနဲ့ ကုန်ကျစရိတ်ကြား ကွာဟမှု တိုးလာတာနဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် လုံခြုံရေးမရှိတဲ့ အခြေအနေတွေက ကျောင်းအပ်နှံမှုနှုန်းကို လျော့ကျစေတာ ဖြစ်တယ်လို့ ISP Myanmar က မှတ်ချက်ပြုထားပါတယ်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အချက်အလက်တွေအရ ကျောင်းနေအရွယ်ကလေးဦးရေက ၁၃ သန်းလောက် ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။
ဒီခန့်မှန်းချက်အရဆိုရင် ၂၀၂၅-၂၆ ပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေး ၇ သန်းနီးပါးက ပညာသင်ခွင့် ဆုံးရှုံးနေတယ်လို့ ISP Myanmar က ဆိုပါတယ်။
ဝေဝေ











