
အခုနှစ် ပထမ ၈ လအတွင်း ဟေတီကို အတင်းအကျပ် ပြန်ပို့ခံရသူ ၂ သိန်းနီးပါး ရှိလာကြောင်း ကုလသမဂ္ဂ အရာရှိတယောက်က ဩဂုတ် ၂၈ ရက် အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
ဒီပမာဏဟာ မနှစ်ကထက် ၁၀ ရာခိုင်နှုန်း ပိုများလာတာလို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ် အင်ဒရီကာ ရတ်ဝတ်တေက ပြောပါတယ်။
အမေရိကန်ရှိ ဟေတီနိုင်ငံသား ၃ သိန်းခွဲလောက်ရဲ့ ယာယီအကာအကွယ်ပေးထားမှု (TPS) ရပ်ဆိုင်းဖို့ ထရမ့်ပ် အစိုးရက တရားရုံးမှာ အနိုင်ရခဲ့ပြီးနောက် ပထမဆုံး အမေရိကန် ပြည်နှင်ဒုက္ခသည်လေယာဉ် ဟေတီကို ရောက်ရှိလာတာပါ။
ကြာသပတေးနေ့ကလည်း အမေရိကန်နဲ့ ဘာဟားမားက ဒုက္ခသည်တင် လေယာဉ်တစင်း ထပ်ရောက် ခဲ့ပါတယ်။
ဟေတီနိုင်ငံ ပေါ်တိုပရင့်စ်မြို့တော်အနီး ကန်းစ်ကော့ဖ် တောင်ကုန်းဒေသမှာ ပြီးခဲ့တဲ့ရက်က ဂိုဏ်းတွေရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ရပြီးနောက် အခုလို ပြည်နှင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံသားတွေ ပြန်ရောက်လာတာပါ။
တဖက်မှာလည်း မှောင်ခိုဝင်လာတဲ့ လက်နက်တွေကြောင့် ၂၀၂၂ ခုနှစ်ကတည်းက လူ ၂၁,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ပဋိပက္ခ ပိုဆိုးလာတယ်လို့ ဟေတီလုံခြုံရေး လေ့လာသူတွေက သတိပေးပါတယ်။
ဒီလက်နက်အများစုဟာ အမေရိကန်အရှေ့တောင်ပိုင်းကနေ ဒိုမီနီကန် နယ်စပ်မှတဆင့် ဝင်လာတာ လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂပေါင်းစပ်ညှိနှိုင်းရေးရုံး (BINUH) အကြီးအကဲ ကားလော့စ်ရူးဝစ်ဇ်က လုံခြုံရေး မကောင်းရင် ဆယ်စုနှစ်တခုအတွင်း ပထမဆုံး ကျင်းပမဲ့ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ ပျက်စီး နိုင်တယ်လို့ သတိပေးပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အင်အားကြီးလာတဲ့ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကုလသမဂ္ဂ ကျောထောက် နောက်ခံပြု တပ်ဖွဲ့စေလွှတ်မှုကို ပိုမြန်မြန်တိုးမြှင့်ရမယ်လို့ သံတမန်တွေက ပြောပါတယ်။
ဟေတီက ၂၀၂၂ ခုနှစ်မှာ စစ်ရေးအကူအညီ တောင်းခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့လို့ အရင် ၁ နှစ်ကမှ ပိုအားပြင်းတဲ့ 'ဂိုဏ်းများနှိမ်နင်းရေးတပ်ဖွဲ့' (GSF) ကို ကုလက စေလွှတ်ခဲ့တာပါ။
GSF ဟာ ဒီနှစ် ဆောင်းဦးမှာ စစ်အင်အား ၅,၅၀၀ အထိ ထားရှိဖို့ ရည်ရွယ်ပြီး စက်တင်ဘာ အကုန်မှာ သက်တမ်းတိုးဖို့ လုံခြုံရေးကောင်စီက မဲခွဲမှာ ဖြစ်ပါတယ်။
အမေရိကန် ကိုယ်စားလှယ် ဂျန်နီဖာလိုဆက်တာက ဒီတပ်ဖွဲ့ဟာ အဆောက်အအုံထဲ ထုတ်ပြန်ချက် ထုတ်ဖို့နဲ့ ပိုက်ဆံဖြုန်းဖို့ မဟုတ်ဘဲ ဂိုဏ်းတွေကို ထိရောက်စွာ တိုက်ထုတ်ဖို့ ဖြစ်တာကြောင့် သက်တမ်းတိုးပေးရန်နဲ့ တခြားနိုင်ငံတွေပါ ကူညီကြရန် တောင်းဆိုခဲ့ပါတယ်။
ဟေတီအစိုးရကလည်း ချဒ်၊ မွန်ဂိုလီးယား၊ အိုင်ဗရီကိုမ်းတို့ ကူညီဖို့ သဘောတူထားပြီး သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျမေကာ၊ ဂွာတီမာလာတို့နဲ့လည်း သဘောတူညီချက်ရဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
Source:Reuters











