အီရန်နဲ့ ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် အစ္စရေး တနိုင်ငံတည်း ဖြစ်သွားတော့မယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို သတိပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Axios သတင်းဌာနကို အတည်ပြုပါတယ်။
ထရမ့်ပ်က “ဘီဘီရေ၊ မင်း သတိထားတော့၊ ဒါမှမဟုတ်ရင် မကြာခင် မင်းတယောက်တည်း ဖြစ်သွားတော့မယ် ကျုပ်ပြောခဲ့တယ်” လို့ Axios ကို ပြန်ပြောပြပါတယ်။
ဇွန် ၇ ရက်က အစ္စရေးရဲ့ ဘေရွတ်တိုက်ခိုက်မှုအပြီးမှာ အီရန်က အစ္စရေးနဲ့ တဲလ်အဗစ်မြို့တွေကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
ဇွန် ၈ ရက် မနက်ပိုင်းအထိ နှစ်ဖက်စလုံးက အပြန်အလှန် အပြင်းအထန် စစ်ရေးအရ တိုက်ခိုက်ခဲ့ကြလို့ အလုံးစုံစစ်ပွဲဖြစ်လုနီးပါး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ အမေရိကန်စစ်တပ်က အီရန်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့ အစ္စရေးကို ကူညီပေးခဲ့ပါတယ်။
ဒါကြောင့် သမ္မတ ထရမ့်ပ်က နေတန်ယာဟုထံ ဖုန်းခေါ်ဆိုပြီး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုမှာ သဘောကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ အီရန်ဘက်က မတိုက်ဘူးဆိုရင် သူလည်း လက်ရှောင်ဖို့ နေတန်ယာဟုက နောက်ဆုံးမှာ သဘောတူခဲ့ပြီး တိုက်ခိုက်မှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။
ထရမ့်ပ်က အီရန်နဲ့ မကြာခင် သဘောတူညီချက် ရတော့မယ်လို့ ပြောပေမဲ့ အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟမ်မက်ဒ် ဘာဂါ ဂါလီဘတ်ဖ် ကတော့ အမေရိကန်ကို ယုံကြည်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။
အမေရိကန်အရာရှိတွေရဲ့ အဆိုအရ နေတန်ယာဟုက သူ့ရဲ့ နိုင်ငံရေးအတွက် စစ်ပွဲကို ဆက်သွားချင်နေပြီး ထရမ့်ပ်ကတော့ စစ်ပွဲကို အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။










