
ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေ၊ ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်နေသူ တွေကို လတ်တလော ဆက်တိုက်ဖမ်းဆီးနေတာမှာ ဇူလိုင် ၈ ရက်ကလည်း ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ထဲရှိ လုပ်ငန်းခွင်တွေ ဝင်ရောက်စစ်ဆေးဖမ်းဆီးပြီး အလုပ်သမားကတ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သမား ၁၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
ချွန်းပူးရီးခရိုင် အလုပ်သမားရုံး၊ ပြည်တွင်းလုံခြုံရေးရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၈ ရက် မနက်ပိုင်းက ကော်ချန်းမြို့နယ်နဲ့ ဖနာနိခုမ်းမြို့နယ်ရှိ စက်ရုံ အလုပ်ရုံတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
ကော်ချန့်မြို့နယ်ရှိ အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို သွားရောက်စစ်ဆေးချိန် တာဝန်ရှိသူတွေကိုမြင်တော့ အလုပ်သမားတွေဟာ လုပ်လက်စ မဆလာဖျော်တာ၊ အင်္ဂတေကိုင် နေတာတွေကို ပစ်ထားပြီး အဆောက်အအုံရဲ့ နောက်ဘက်နဲ့ ခြုံထဲ တောထဲကို ကစင့်ကလျားထွက် ပြေးကြတယ်၊ တာဝန်ရှိသူတွေကလည်း လူစုခွဲပြီး လိုက်လံဖမ်းဆီးတာမှာ မိသွားတော့ လူဆိုး ဖမ်းသလို ကုပ်ကိုဆွဲ၊ လက်နောက်ပြန်တုပ်ပြီး ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အလုပ်သမားနဲ့ အဲဒီကရှိတဲ့ အလုပ်သမားတွေကို တန်းစီထိုင်ခိုင်းပြီး စာရွက် စာတမ်း စစ်ဆေးတာမှာ အလုပ်သမားမှတ်ပုံတင်ကတ်မရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ယောက်နဲ့ တရုတ်နိုင်ငံသား ၅ ယောက် စုစုပေါင်း ၁၅ ယောက် ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူဖို့ စမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ထံ အပ်နှံထားတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တရက်တည်းမှာပဲ တာဝန်ရှိသူတွေဟာ ကော်ချန်းနဲ့ ဖနာနိခုမ်းမြို့နယ်ရှိ နောက်ထပ် စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင် ၃ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်။
အဲဒီမှာ ထိုင်းနိုင်ငံသား ၈၃ ယောက်၊ တရုတ်နိုင်ငံသား ၃၅ ယောက်၊ မြန်မာရွှေ့ပြောင်းလုပ်သား ၃၆၇ ယောက်နဲ့ လာအိုလုပ်သား ၅ ယောက်တို့ လုပ်ကိုင်နေကြပြီး အထောက်အထား စစ်ဆေးရာမှာ မြန်မာ တယောက်ကလွဲလို့ အားလုံး စာရွက်စာတမ်း ပြည့်စုံတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ အဆိုပါနေရာတွေကနေ အလုပ်သမားဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့ ထိုင်းအလုပ်ရှင် ၃ ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Top News / FM 91 Radio










