
နေပြည်တော်၊ ရန်ကုန်နဲ့ ကျောက်ဆည်အပါအဝင် မြို့တချို့မှာ မနေ့ကနဲ့ ဒီနေ့ မီး ၁၀ ကြိမ် လောင်ခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဧပြီ ၁၂ ရက် ဒီနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏအောင်မြေလမ်းနားမှာ တောမီးလောင်ခဲ့ပြီး နေ့လယ် ၁၂ နာရီကျော်ကလည်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်လမ်းဘေးမှာ မြက်ခြောက်မီးလောင်လို့ ၁ နာရီခွဲလောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ အမှတ် ၃ လမ်းဘေးမှာလည်း ဧပြီ ၁၁ ရက် ည ၇ နာရီလောက်က ကိုင်းတောမီးလောင်ခဲ့ပြီး ည ၉ နာရီလောက်မှာမှ မီးငြိမ်းခဲ့ပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဆည်ထိပ်ထန်းတောရပ်ကွက်မှာလည်း မနေ့ညနေ ၆ နာရီက နေအိမ်မီးလောင်ခဲ့ပြီး ညနေ ၄ နာရီလောက်ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါဆန်းဘွန်းကျေးရွာနားမှာ တောမီးလောင်ခဲ့ပါတယ်။
မနေ့ညနေ ၃ နာရီမှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာ၊ နောင်လုံ-ကော့ခမိတ်တောင်ကြားလမ်း၊ နတ်စင်နားမှာ တောမီးလောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာအနီး၊ မြင်းခြံ-နွားထိုးကြီး ကားလမ်းဘေးမှာ တောမီးလောင်လို့ နာရီဝက်လောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ၃ ရပ်ကွက်၊ လိန်ပင်လမ်းမှာ မွန်းလွဲ ၂ နာရီက ကိုင်းတောမီးလောင်ခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲကျော်က ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့၊ အမှတ် ၉ ရပ်ကွက်၊ စံပယ်လမ်းမှာ နေအိမ်မီးလောင်ခဲ့ပါတယ်။
အချိန်အကြာဆုံး ငြှိမ်းသတ်ခဲ့ရတာကတော့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်မှာ အမှိုက်ပုံမီးလောင်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီလောက်က လောင်တဲ့မီးကို Level 1 အဆင့် ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရသလို ည ၇ နာရီလောက်မှာမှ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။










