
အမေရိကန်ပြည်ထောင်စုရဲ့ သတင်းပေးချက်တခုအပြီး ရုရှားမြို့တော် မော်စကိုက ပန်းခြံတခုမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကြောင့် ရုရှား အရွယ်မရောက်သေးသူတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်း Ru24 ကလည်း FSB ရဲ့ ဖမ်းဆီးမှုဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။
မော်စကိုမြို့တော်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်ဆီက သတင်းအချက်အလက်တွေ ရရှိထားပြီး သင့်လျော်တဲ့ အစီအမံတွေ လုပ်နေတယ်လို့ FSB က စနေနေ့မှာ ပြောပါတယ်။
အရွယ်မရောက်သေးသူဟာ ဗျူဟာမြောက် အဝတ်အစားတွေဝတ်၊ ဦးထုပ်ဆောင်းထားပြီး အလိုအလျောက် ပစ်ခတ်နိုင်တဲ့ လက်နက်နဲ့တူတဲ့ ပစ္စည်းတခုကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေအပြင် မော်စကိုမြို့တော်က ဇာရစ်စီနို ပြတိုက်ဘေးမဲ့တောမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို “ကျနော် နေရာတခု ရှာတွေ့ပြီဆိုတဲ့ စာတန်းနဲ့ TikTok မှာ တင်ခဲ့တယ်” လို့ FSB ရဲ့ အပြောကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဖော်ပြပါတယ်။
သတင်းအချက်အလက်တွေကို ပေးလို့ အမေရိကန်ကို ကျေးဇူးတင်ပါတယ်လို့ FSB က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
အရာရှိတွေက အရွယ်မရောက်သေးသူရဲ့ အိမ်ကို ရှာချိန်မှာ လူမှုမီဒီယာပို့စ်တွေမှာ တွေ့ရတဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေကို တွေ့ခဲ့ပြီး သူ့ဖုန်းထဲက တယ်လီဂရမ်အက်ပ်မှာ နာဇီတွေကို လိုလားတဲ့ ချန်နယ်တခုကို စာရင်းသွင်းထားတာ တွေ့ရပါတယ်။
အင်တာဖက်စ် သတင်းဌာနက “အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေ အများကြီး ရှိနေတာကိုလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ဘယ်လို ဥပဒေရေးရာ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ရမလဲ ဆိုတာကို စဉ်းစားနေတယ်လို့ FSB က ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ သတင်းပေးချက်အပြီးမှာ မော်စကိုတောင်ပိုင်းက နန်းတော်ပြတိုက်နဲ့ ပန်းခြံအဆောက်အအုံတွေကို စနေနေ့မှာ ယာယီပိတ်ထားခဲ့ပါတယ်။
Source: Reuters











