ယခုနှစ် အာဆီယံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းမည်
DVB
·
August 4, 2016

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အရှိန်လျော့ကျလာမှုနဲ့ ဗြိတိန်နိုင်ငံက ဥရောယူနီယံကနေ ထွက်ဖို့ မဲပေးမှုတွေနဲ့ဆက်စပ်တဲ့ မရေရာ မသေချာမှုတွေကြောင့် အာဆီယံရဲ့ စီးပွားရေးတိုးတက်မှုဟာ မနှစ်က ၄.၇ ရာခိုင်နှုန်းရှိရာကနေ ဒီနှစ်မှာတော့ ၄.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်မယ်လို့ အာဆီယံနိုင်ငံတွေက ထုတ်ပြန်ပါတယ်။
လာအိုမှာကျင်းပတဲ့ စီးပွားရေးဝန်ကြီးများအစည်းအဝေးမှာ ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံပမာဏရှိနေတဲ့ အာဆီယံရဲ့စီးပွားရေးကို လာမယ့်နှစ်မှာ တိုးတက်မှုနှုန်း ၄ ဒသမ ၇ ရာခိုင်နှုန်း ပြန်လည်ရောက်အောင် အခြေခံအဆောက်အအုံတွေ တိုးတက်အောင်လုပ်ဖို့နဲ့ ပုဂ္ဂလိကနဲ့ အများပိုင်လုပ်ငန်းတွေ အားကောင်းအောင်လုပ်ဆောင်ကြမယ်လို့ ပူးတွဲကြေညာခဲ့ကြ ပါတယ်။ အဖွဲ့အကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ သွင်းကုန်ခွန်ရဲ့ ၉၉ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက ၉၀ ဒသမ ၉ ရာခိုင်နှုန်းကို ဖယ်ရှားပစ်ခဲ့ကြပြီးဖြစ်တယ်လို့ ၀န်ကြီးတွေက ပြောပါတယ်။
အာဆီယံနိုင်ငံက ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံအနက် လေးပုံ တပုံဟာ အာဆီယံနိုင်ငံတွေအချင်းချင်းကြားကုန်သွယ်မှုဖြစ်ပါတယ်။ အာဆီယံပြင်ပ ကုန်သွယ်ရေးမှာတော့ တရုတ်နိုင်ငံဟာ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေသလို ဂျပန်၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတွေက အစဉ်လိုက် ကုန်သွယ်မှု မြင့်မားကြပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စီးပွားရေးမဟာဗျူဟာတွေချင်း သဟဇာတဖြစ်မှု၊ နိုင်ငံတခုချင်းစီရဲ့ ကျွမ်းကျင်တဲ့ အရည်အသွေးပိုင်းကို အသိအမှတ်ပြုမှု၊ အကောက်ခွန်ဖယ်ရှားမှာ တိုးတက်ဖြစ်ထွန်းမှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေတွေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေလို ဆင်းရဲတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကျန်အဖွဲ့ဝင်တွေအကြား ဖွံ့ဖြိုးရေးကွာဟမှု ကျဉ်းမြောင်းလာစေဖို့တွေကို ရည်ရွယ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
အဖွဲ့ဝင်နိုင်ငံအချင်းချင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့်ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ပိုမိုချောမွေ့လာစေရေး၊ စက်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ကြရေး၊ စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍပါဝင်ပတ်သက်မှုကို အားပေးရန်စတာတွေကိုလည်း သဘောတူညီခဲ့ကြပါတယ်။