
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ စစ်ကျန်မိုင်းနင်းမိပြီး ဒေသခံ အမျိုးသားတယောက် ခြေတဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကျန်မိုင်းနင်းမိပြီး ခြေတဖက် ပြတ်ထွက်သွားသူကတော့ မြေပုံမြို့နယ်၊ မောင်းချောင်းရွာက ဦးမောင်ဝင်းလှိုင် (၄၀ နှစ်) ဖြစ်တယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်စခန်း တပ်နေရာဟောင်းနားမှာ ဝါးခုတ်သွားတာပါ။ အဲဒီမှာပဲ မိုင်းနင်းမိတယ်။ ခြေထောက် က တခါတည်း ပြတ်ထွက်သွားတယ်။”
စစ်တွေ-ရန်ကုန် ကားလမ်းရှိ မြေပုံမြို့နယ်၊ ယောချောင်းတံတားအနီး အရင် စစ်တပ်နေရာဟောင်း တောင်နားမှာ မေ ၁၈ ရက် နေ့ခင်းက ဝါးခုတ်သွားစဉ် စစ်တပ်ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး ညာဘက် ခြေထောက် ပြတ်ထွက်သွားတယ်လို့ ဆိုပါတယ်။
နောက်ထပ်ဒေသခံတယောက်က “ခြေလည်းပြတ်တယ်၊ ခန္ဓာကိုယ်မှာလည်း မိုင်းစတွေထိပြီး ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရသွားတယ်။ အရေးပေါ် ဆေးကုသမှု ခံယူထားရတယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ခြေပြတ်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ကျန်းမာရေးဌာနက အရေးပေါ်ဆေးကုသမှု ပေးထားတယ်လို့ သိရပါတယ်။
ရခိုင်မှာ ဒေသခံအများစုဟာ တောတောင်တွေကို မှီခိုပြီး ဉယျာဉ်ခြံမြေ၊ လယ်ယာလုပ်ကိုင်တာ စတဲ့ သက်မွေးဝမ်းကျောင်း မှီခိုလုပ်ကိုင်စားသောက်နေရပြီး AA နဲ့ စစ်တပ်ကြား မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်နေရာဟောင်း၊ တပ်ဆုတ်သွားတဲ့နေရာ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ အနီးဝန်းကျင် တွေမှာ စစ်တပ်က မိုင်းထောင်တာ၊ လက်နက်ခဲယမ်းတွေ စွန့်ကြဲထားခဲ့တာတွေကြောင့် ဒေသခံ ပြည်သူတွေ အခုလို စစ်ကျန်လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေ ရှိနေပါတယ်။
အဆိုပါ စစ်ကျန်မိုင်းနဲ့ ခဲယမ်းတွေကို အာရက္ခတပ်တော်က မြို့နယ်တိုင်း လိုက်လံရှင်းလင်းနေပေမဲ့ ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။










