
ထိုင်းနိုင်ငံ၊ နွန်ထပူရီခရိုင်၊ ဘန်ကလွေးမြို့ ထိပ်ဆီရင်း စာသင်ကျောင်းထဲမှာ ဩဂုတ် ၇ ရက် ဒီနေ့မနက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ သေဆုံး၊ ဒဏ်ရာ ရခဲ့ပြီးနောက် တာဝန်ရှိသူတွေဟာ သေနတ်သမား ကျောင်းသားလေးရဲ့ နေအိမ်ကို သွားရောက် စစ်ဆေးခဲ့တာမှာ သူ့ရဲ့ အဘိုးနဲ့ အဘွား ၂ ယောက်စလုံးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
ပစ်ခတ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ ဆယ်ကျော်သက် ကျောင်းသားဟာ ကျောင်းမသွားခင် နေအိမ်မှာ အရင် ပစ်ခတ်ခဲ့တယ်လို့ ယူဆရကြောင်း အခင်းဖြစ်ရာနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ ထိုင်းပြည်ထဲရေးဌာန ဒုဝန်ကြီး နိုင်းဖွန်းဖီး ဆုဝမ်းချဝီက သတင်းထောက်တွေကို ပြောပါတယ်။
“ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးဘူး၊ ကျောင်းသားရဲ့ မိဘနှစ်ပါးဟာ ကွာရှင်းထားပြီး သူကတော့ အဘိုး အဘွားတွေနဲ့ အတူနေထိုင်တယ်၊ သူ့ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးကြည့်ရှုဖို့ ကြိုးစားပေမဲ့ လျှို့ဝှက်သင်္ကေတ ပိတ်ထားတယ်” လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက လမ်းညွှန်ဆရာမတယောက်ကို မေးမြန်းရာမှာ သေနတ်သမားဟာ ကျောင်းမှာ စာတော်တယ်၊ ကျောင်းတွင်း လှုပ်ရှားမှုတွေမှာ ပါဝင်တယ်၊ ဆိုးသွမ်းတဲ့ကလေး မဟုတ်ဘူး၊ ဒါပေမဲ့ သူ့အိမ်မှာ ဂိမ်းကစားစရာတွေရှိတယ်၊ သူဟာ ဂိမ်းစွဲနေတယ်ထင်လို့ ဆရာမက ဂိမ်းဆော့တာ ရပ်ခိုင်းတော့ ကလန်ကဆန် မလုပ်ဘူး၊ ဆရာမစကားကို ကောင်းစွာနားထောင်တယ်လို့ ပြောပါတယ်။
ပစ်ခတ်မှုမှာ ကျူးလွန်တဲ့ သေနတ်ကတော့ သူ့အဘိုးရဲ့ အမည်နဲ့ တရားဝင် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။
လောလောဆယ် ရဲတပ်ဖွဲ့က စီစီတီဗီကင်မရာ မှတ်တမ်းတွေကနေတဆင့် သူ အိမ်က ထွက်ခွာချိန်၊ ကျောင်းကိုရောက်သွားတဲ့အချိန်၊ ပစ်ခတ်မှုဖြစ်ပွားချိန်စတဲ့ အချိန်ဇယားတွေ ပြန်ကြည့်နေတယ်၊ အဲဒါဟာ အမှုအတွက် အရေးပါတဲ့ အချက်အလက်တွေလို့ ဒုဝန်ကြီးက ပြောပါတယ်။
ဒီကနေ့ စာသင်ကျောင်းတွင်း ပစ်ခတ်မှုမှာ လက်ရှိ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင်သွားတဲ့ သေနတ်သမား ကျောင်းသားကလွဲရင် ဆရာ/ဆရာမ ၅ ယောက် သေဆုံးခဲ့တယ်၊ ဒဏ်ရာရသူတွေထဲမှာ အနီရောင်အဆင့် (စိုးရိမ်ရ) ၁၀ ယောက် ရှိတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး နိုင်းဖတ်ထန်း ဖရူမ်းဖတ်ကတော့ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၂ ယောက် ရှိတယ်၊ အဲဒီထဲမှာ ၉ ယောက် ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်။ ၉ ယောက်ထဲမှာ ကလေး ၇ ယောက် လူကြီး ၂ ယောက်ပါပြီး ကလေး ၂ ယောက်က အိုင်စီယူ အရေးပေါ်ခန်းထဲမှာ ရှိနေတယ်၊ ဒဏ်ရာရသူတွေဟာ ဘန်ကလွေးမြို့နယ်ဆေးရုံကြီးနဲ့ ဘန်ယိုင်ဆေးရုံမှာ ကုသခံယူနေပြီး ဒဏ်ရာ ပြင်းထန်သူတွေကို ဖရာ့မုံးကွတ်နဲ့ ဖရာ့နန်ကလောက်ဆေးရုံကို လွှဲပြောင်းထားပါတယ်။
ဘန်ကောက်ပို့စ် သတင်းမှာတော့ ဒီပစ်ခတ်မှုမှာ သေနတ်သမားအပါအဝင် သေဆုံးသူ စုစုပေါင်း ၇ ယောက် ရှိတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိခဲ့တဲ့ ကျောင်းသားနဲ့ ဝန်ထမ်းတွေ၊ အုပ်ထိန်းသူတွေ၊ အနီးနားနေ ပြည်သူတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့တွေလည်း စေလွှတ် ထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။
Source: ThaiPBS News










