
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ လာမဲ့စက်တင်ဘာလ အစောပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံဆီ တရားဝင် ခရီးစဉ်သွားရောက်ဖို့ ရှိနေတဲ့အကြောင်း Khaosod ထိုင်းသတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။
ဒီခရီးစဉ်ဟာ သူ့ရဲ့ မကြာသေးမီက အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ဆီ သွားရောက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတာဖြစ်ပြီး လက်ရှိမှာတော့ သူဟာ ရုရှားနိုင်ငံမှာ တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ပိုမိုများပြားလာတဲ့ သံတမန်ရေးရာ အစီအစဉ်တွေကို ဝေဖန်သူတွေက မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပွားနေဆဲ နိုင်ငံရေး အကျပ်အတည်းနဲ့ ပြည်တွင်း ပဋိပက္ခတွေကြား သူ့အစိုးရရဲ့ နိုင်ငံတကာ ရပ်တည်မှုကို ခိုင်မာစေဖို့နဲ့ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းမှုတရပ်အဖြစ် ရှုမြင်ကြပါတယ်။
ဒါကြောင့်မို့ သူ့ရဲ့ စက်တင်ဘာလ ကမ္ဘောဒီးယား ခရီးစဉ်ဟာ ဒေသတွင်း အစိုးရတခုနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ၂ နိုင်ငံဆက်ဆံရေးကို ဆွေးနွေးဖို့ နောက်ထပ် အခွင့်အရေးတခု ဖြစ်လာမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာဖြစ်ပြီး အဆိုပါ အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ကာ ဒီကနေ့ထက်ထိ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Source: Khaosod











