
ချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာက အင်္ဂလန်ကွင်းလယ်လူ မော်ဂန်ရော်ဂျာကို ခေါ်ယူဖို့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီပြောင်းရွှေ့ကြေးဟာ အင်္ဂလန်ကစားသမားတယောက်အတွက် စံချိန်သစ်တခု ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ သမိုင်းတလျှောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးလည်း ဖြစ်လာပါတယ်။ အရင်က အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပေါင် ၁၀၇ သန်း စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ရော်ဂျာဟာ ၆ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
သူဟာ အရင်က မစ်ဒယ်ဘရော့အသင်းမှာ ကစားခဲ့တာပါ။ မစ်ဒယ်ဘရော့ကတော့ ရော်ဂျာရဲ့ ပြောင်းရွှေ့ကြေး ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်လို့ အနည်းဆုံး ပေါင် ၂၀ ဒသမ ၄ သန်း ရရှိတာပါ။ ရော်ဂျာဟာ ဗီလာအတွက် ၈၅ ပွဲမှာ ၂၁ ဂိုးသွင်းယူခဲ့ပြီး ယူရိုပါလိဂ်ဖလားလည်း ရရှိထားတာပါ။











