DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စစ်တပ်နှင့်ဆက်နွှယ်ထုတ်ကုန်များ ရောင်းချခွင့်တားမြစ်
DVB
·
August 22, 2026
Photo : KNDF
Photo : KNDF
Donate to DVB

 

ကရင်နီပြည်နယ်အတွင်းနဲ့ ရှမ်းပြည်တောင်ပိုင်းဒေသမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တချို့က ပူးတွဲထုတ်ပြန်အသိပေးပါတယ်။

ကန့်သတ်ကုန်စည်တွေအနေနဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့ ပါဝင်ပြီး ဒဂုံဘီယာ (Dagon Beer)၊ မြန်မာဘီယာ (Myanmar Beer)၊ ဘလက်ရှီးလ်ဘီယာ (Black Shield Beer)၊ အက်ဒမန်ဘီယာ (Andaman Beer)၊ မန္တလေးဘီယာနဲ့ Premium Gold၊ ရူဘီ (Red Ruby) ဆေးလိပ်တို့ ပါဝင်ပါတယ်။

ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ၊ အမှတ် (၁) စစ်ဒေသ ALPHA (မိုးဗြဲဇုန်)၊ အမှတ် (၂) စစ်ဒေသ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ရှမ်းတောင်-ကယား (ကရင်နီ) တိုင်းစစ်ဒေသတို့က ပူးတွဲထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန်တွေ မရောင်းချကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ခဲ့ဖူးပြီး သိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ဖူးပါတယ်။

အရင်က ထုတ်ပြန်ထားတဲ့တားမြစ်ချက်ကို လိုက်နာကြဖို့ ပြန်လည်အသိပေးတာဖြစ်တယ်လို့ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုန်ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရောင်းဝယ်နေတာကို တွေ့ရှိရတာကြောင့် အခုလို ထပ်မံ အသိပေးတာ ဖြစ်ပါတယ်။

စစ်တပ်ဆီကို စီးပွားရေးအကျိုးအမြတ်တွေ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ စီးဆင်းမသွားစေဖို့နဲ့  စစ်အာဏာရှင်စနစ်တော်လှန်ရေးမှာ ပြည်သူများအနေနဲ့ တဖက်တလမ်းကနေ ပူးပေါင်းဝင်နိုင်စေဖို့ ရည်ရွယ်ပြီး တားမြစ်ထားတယ်လို့လည်း ဆိုပါတယ်။

တားမြစ်ကန့်သတ်ကုန်ပစ္စည်းတွေကို ဩဂုတ် ၃၁ ရက်နေ့မှာ နောက်ဆုံးထား ရှင်းလင်းကြဖို့ အသိပေးထားပြီး အဲဒီနောက်ပိုင်းမှာ ဆက်လက်သယ်ယူပို့ဆောင်တာ၊ ရောင်းဝယ် ဖောက်ကားတာတွေကို စစ်ဆေးတွေ့ရှိရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013