
တနင်္သာရီဒေသအတွင်း ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ဦးဆောင်မှု မြှင့်တင်ဖို့အတွက် “တနင်္သာရီအမျိုးသမီးနိုင်ငံရေးမဟာမိတ် (TWPA)” ကို ဖွဲ့စည်းကြောင်း သြဂုတ် ၈ ရက်မှာ TWPA က ထုတ်ပြန်ပါတယ်။
ဒေသအတွင်း ကဏ္ဍအသီးသီးမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အင်အားကို စုစည်းပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ ပါဝင်မှုကို မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဖြစ်ခဲ့တာလို့ သိရပါတယ်။
တနင်္သာရီဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖော်ဆောင်ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပါဝင်ရုံမျှသာမက နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ပုံဖော်တည်ဆောက်ရာမှာလည်း အမျိုးသမီးတွေရဲ့ အသံ၊ အမြင်နဲ့ ဦးဆောင်မှုတွေ ထင်ဟပ်ပါဝင်နိုင်ဖို့ အရေးကြီးတယ်လို့ TWPA က ဆိုပါတယ်။
တနင်္သာရီ အမျိုးသမီးနိုင်ငံရေးမဟာမိတ် (TWPA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမယ်အေးက “ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ထားတဲ့ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းကို ကျမတို့ လေးစားတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းပေါ် မမူတည်ဘဲ အမျိုးသမီးတွေရဲ့ အရည်အသွေးပေါ် မူတည်ပြီး ဦးဆောင်ပါဝင်သွားတယ်” လို့ ပြောပါတယ်။
TWPA အနေနဲ့ အခွင့်ထူးကို မတောင်းဆိုဘဲ ဒီမိုကရေစီနည်းကျ ပူးပေါင်းဆောင်ရွက်ခွင့်ကိုသာ လိုလားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒေသတွင်းရှိ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အနာဂတ်အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံး TWPA နဲ့အတူ လက်တွဲ ပူးပေါင်းကြဖို့လည်း နှိုးဆော်ထားပါတယ်။










