
ကျူးဘားက အမေရိကန်ကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုကို လိမ်ညာနေတယ်လို့ ကျူးဘားက စွပ်စွဲထားပါတယ်။
ကျူးဘားဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး သူတို့နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရဖို့ဆိုတာက အလှမ်းဝေးတယ်လို့ ရူဘီအိုက ပြောပါတယ်။
ဒါဟာ အမေရိကန်က ကျူးဘားသမ္မတဟောင်း ရာအူးကတ်စထရိုကို ၁၉၉၆ ခုနှစ်က လေယာဉ် ပစ်ချမှုနဲ့ စွဲချက်တင်ပြီး တရက်အကြာမှာ ရူဘီအိုက မှတ်ချက်ပေးခဲ့တာပါ။
ရူဘီအိုက အမေရိကန်ဟာ သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးခဲ့ပေမဲ့ နိုင်ငံကို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သမ္မတထရမ့်ပ်ဟာ နိုင်ငံကာကွယ်ရေးနည်းတွေနဲ့ တုံ့ပြန်ခွင့်ရှိတယ်လို့လည်း သတိပေးထားပါတယ်။
ရူဘီအိုရဲ့ ဒီလိုပြောဆိုချက်တွေဟာ လိမ်ညာမှုတွေသာ ဖြစ်တယ်လို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂွတ်ဇ်က ပြောပြီး သူတို့နိုင်ငံဟာ ဘယ်တုန်းကမှ အမေရိကန်ကို မခြိမ်းခြောက်ခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။
ရူဘီအိုက ကျူးဘားနဲ့ သံတမန်ရေးအရ ဆက်ဆံချင်ပေမဲ့ သဘောတူညီမှုရဖို့ ဝေးကွာလွန်းပြီး ကျူးဘားနိုင်ငံဟာ ဒေသတခုလုံးရဲ့ အကြမ်းဖက်မှုတွေကို ဦးဆောင်ထောက်ပံ့နေတာလို့ စွပ်စွဲချက် တွေကိုလည်း ရိုဒရီဂွတ်ဇ်က ဆိုရှယ်မီဒီယာ X မှာ ငြင်းဆိုထားပါသေးတယ်။
ရူဘီအိုဟာ စစ်ရေးလှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ ကြိုးစားနေသလို အမေရိကန်အစိုးရက သူ့နိုင်ငံကို စနစ်တကျ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဝေဖန်ထားပါတယ်။
ကျူးဘားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ လောင်စာဆီပိတ်ဆို့မှုကြောင့် ဆီပြတ်လပ်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း အစားအသောက် ပြတ်လပ်မှုနဲ့ မီးပျက်မှုတွေ ရင်ဆိုင်ရ ပါတယ်။
ရူဘီအို ကတော့ ကျူးဘားဟာ အမေရိကန်ရဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ သန်း ၁၀၀ ကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။
ကျူးဘားနိုင်ငံရဲ့ စီးပွားရေး ၄၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတဲ့ ဂါအေးဆားလုပ်ငန်းစုဥက္ကဋ္ဌရဲ့ ညီမဖြစ်သူကို အမေရိကန်က ဖမ်းဆီးထားကြောင်း ရူဘီအိုက မေ ၂၁ ရက်မှာ ပြောထားပါတယ်။
Source:Reuters










