ဂရိနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းပါတိုက်ခတ်တဲ့ မုန်တိုင်းကြောင့် နေအိမ်တွေ အများအပြား ရေလွှမ်းမိုးခံခဲ့ရကာ လူတယောက်လည်း သေဆုံးခဲ့ပြီး ဧပြီ ၂ ရက်မှာ အာဏာပိုင်တွေဟာ ထိခိုက်ပျက်စီးမှုတွေကို အလျင်စလို ပြုပြင်နေကြရပါတယ်။
ဂရိအာဏာပိုင်တွေဟာ အေသင်မြို့ရဲ့ မြောက်ဘက် ၃၅ ကီလိုမီတာ အကွာက နီယာ မက်ခရီ အပန်းဖြေကမ်းခြေမြို့လေးမှာ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ရိုက်တာကို ပြောပါတယ်။
ဒေသတွင်း သတင်းတွေရဲ့ အဆိုအရ အဲဒီအမျိုးသားဟာ ရေလျှံနေတဲ့လမ်းကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေစီးနဲ့ပါသွားပြီး ကားအောက်မှာ ညပ်မိခဲ့တာလို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့က အာမီနီယို မုန်တိုင်းဟာ အေသင်မြို့နဲ့ အက်ဂျီယန်ပင်လယ်ရှိ ကျွန်းအတော်များများကို ဖြတ်သန်း တိုက်ခတ်ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဆီကို ရေဘေးသင့်နေသူတွေကို ကယ်ဆယ်ဖို့နဲ့ လမ်းပေါ်လဲကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားပေးဖို့ ဖုန်းခေါ်ဆိုမှုပေါင်း ရာနဲ့ချီ လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။
ကြာသပတေးနေ့ မနက်အစောပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြို့တော်ရဲ့ အရှေ့ဘက်ပိုင်းမှာ အပျက်အစီးတွေကို ဖယ်ရှားတာ၊ ရေစုပ်ထုတ်တာနဲ့ ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေကို ပြုပြင်တာတွေ လုပ်ဆောင်နေကြပါတယ်။
ဒါ့အပြင် အေသင်မြို့အနီးက ပီရေးရပ်စ် ဆိပ်ကမ်းကနေ ကျွန်းတွေကိုသွားမဲ့ ကူးတို့သင်္ဘောတချို့ကိုလည်း ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။
မြေထဲပင်လယ်ထဲက ခရိ(တ်) ကျွန်းမှာ ဗုဒ္ဓဟူးနေ့က မြောက်အာဖရိကကနေ လေတိုက်အားအဆင့် ၉ လောက်ရှိတဲ့ လေပြင်းနဲ့အတူ ပါလာတဲ့ ဖုန်မှုန့်တွေကြောင့် ကောင်းကင်တခုလုံး ထူးထူးခြားခြား လိမ္မော်ရောင် ပြောင်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်တွေကိုပါ ထိခိုက်ခဲ့ရပါတယ်။
ဥရောပရဲ့ တောင်ဘက်အစွန်းဆုံးမှာရှိတဲ့ ဂရိနိုင်ငံဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ ဖျက်အားပြင်းတဲ့ ရေကြီးမှုတွေနဲ့ တောမီးလောင်မှုတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတာဖြစ်ပြီး ဒါဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
Source: Reuters










