
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်ကနေ မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ် ပြစ်ဒဏ် လွတ်ငြိမ်းနဲ့ အကျဉ်းသား ၇၃ ယောက် လွတ်မြောက်လာပြီး နိုင်ငံရေးအကျဉ်းသား ၅ ယောက်သာ ပါဝင်တယ်လို့ ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၁၇ ရက် ဒီနေ့မှာကျရောက်တဲ့ ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းတွေကနေ အကျဉ်းသား ၄,၃၀၀ ကျော်ကို လွှတ်ပေးရာမှာ ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်က အကျဉ်းသား ၇၃ ယောက် လွတ်မြောက်ခဲ့ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၅ ယောက်သာ လွတ်လာတာ ဖြစ်ပါတယ်။
ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူက “ပုသိမ်ထောင်ကနေ ၇၃ ယောက် လွတ်ငြိမ်းပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ အကျဉ်းချခံထားရတဲ့ အကျဉ်းသား ၅ ယောက်ပဲ ပါတယ်။ ကျန်တဲ့သူတွေက သာမန်အကျဉ်းသားတွေချည်းပဲ” လို့ ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကတော့ ဒေါက်တာတင်မင်းထွဋ်၊ ကိုဇော်မိုးထိုက် ၊ ဦးသိန်းလွင်၊ ဦးဝင်းကျော်နဲ့ ကိုဝင်းမင်းထွန်းတို့ ဖြစ်ကြ ပါတယ်။
သူတို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ ၁၂၄ တို့နဲ့ အကျဉ်းချခံထားရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါက်တာတင်မင်းထွဋ်ဟာ ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူးဖြစ်ပြီး စစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုပုဒ်မတွေနဲ့ ဒီဇင်ဘာ ၂၀ ရက်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ပြန်လွတ်လာတဲ့ အကျဉ်းသား ၇၃ ယောက်ထဲမှာ အမျိုးသား ၅၄ ယောက်၊ အမျိုးသမီး ၁၉ ယောက် ဖြစ်ပြီး အကျဥ်းသားတွေကို နောက်ထပ်တကြိမ် ပြစ်မှုကျူးလွန်ပါက အခုကျခံဖို့ ကျန်တဲ့ပြစ်ဒဏ်တွေပါ ကျခံပါမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးတာဖြစ်ပြီး လွတ်လာတဲ့သူတွေဟာ လုယက်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ခိုးမှု၊ လောင်းကစားမှု စတဲ့ ပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့သူတွေ အများဆုံးပါတယ်လို့ ဆိုပါတယ်။










