DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ 
DVB
·
May 28, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်(AA) တို့အကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာရှိတဲ့ စစ်တပ်စခန်းတွေက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် AA ဘက်ကလည်း တန်ပြန်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေကြတာလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်အစပ်ရှိမှာတဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရန်စပြီး ပစ်ခတ်တိုက်ခိုက်နေတာတွေ ရှိတယ်။ အာရက္ခတပ်တော်ဘက်လည်း တန်ပြန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေကြတာ။ တိုက်ပွဲကတော့ စစ်တွေ-ပုဏ္ဏားကျွန်း၊ စစ်တွေ-ရသေ့တောင် အစပ်နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေကြတာ။” 

စစ်တပ်ဟာ မေလ ဒုတိယအပတ်ကစပြီး စစ်တွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေကြတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့က တပ်စခန်းတွေမှာ အင်အားဖြည့်တင်းတာ၊ ပေါက်တောမြို့နယ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ပြီးနောက် စတင်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ဝါဘိုနဲ့ ရွှေမင်းဂံရေတပ်အနီးတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်တွေမြို့နယ် ပါဒလိတ်နဲ့ ရသေ့တောင်မြိုန့ယ် မိုးစဲကျွန်းတို့မှာလည်း အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဒေသခံက ပြောတယ်။

စစ်တွေမြို့နယ်မှာ ဧပြီလနှောင်းပိုင်းကတည်းက တိုက်ပွဲတွေ ငြိမ်သက်ရာကနေ မေ ၂၆ ရက်မှာ ပစ်ခတ်မှုတွေ ပြန်စတင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ စစ်တွေမြို့တွင်းမှာ စစ်ဆေးရေးလုပ်တာ၊ ဧည့်စာရင်း စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်လာနေသလို မွတ်စလင် IDP စခန်းတွေမှာလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်တွေမြို့ခံ မွတ်စလင် အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တပ်က စစ်တွေမြို့မှာ လုံခြုံရေးတင်းကျပ်တာ၊ ဧည့်စာရင်းစစ်ဆေးတာတွေကို အရင်ကထက် တင်းကျပ်လာတာ ရှိတယ်။ ဧည့်စာရင်းမတိုင်တာတို့ရှိရင် ဘာမှရှင်းပြခွင့်မရတော့ဘူး ဖမ်းတော့တာပဲ။”

မေ ၂၄ ရက်က စစ်တွေမြို့နယ် သဲချောင်း မွတ်ဆလင်ကျေးရွာဈေးရှိ ဆေးဆိုင်က မွတ်စလင်လူငယ် ၄ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေကတဆင့် စစ်ရေးအရ ဖိအားပေးနေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013