DVB Logo
Home
မြန်မာသတင်း
စစ်တွေ၌ ကြက်ဥဈေး ၂,၀၀၀ ကျပ်အထိ မြင့်တက်ပြီး ဒေသခံများ စားဝတ်နေရေး အခက်တွေ့
DVB
·
July 29, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်အာဏာရှင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ အခြေခံလူတန်းစားတွေရဲ့ အဓိကစားကုန်ဖြစ်တဲ့ ကြက်ဥတလုံးရဲ့ဈေးနှုန်းဟာ လက်ရှိမှာ ၂,၀၀၀ ကျပ်အထိ မြင့်တက်လာနေပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ကြက်ဥတလုံးကို ကျပ် ၂,၀၀၀ နဲ့  ဘဲဥတလုံးကို ကျပ် ၂,၀၀၀ ကျော်အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပါတယ်။

ဒီလိုအခြေအနေတွေဟာ စစ်တွေမြို့မှာရှိတဲ့ အခြေခံလူတန်းစားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် အသား၊ ငါးကို မပြောနဲ့၊ အခြေခံ ဟင်းသီးဟင်းရွက်တွေတောင် ဝယ်ယူဖို့ လက်လှမ်းမမီတော့တဲ့ အခြေအနေထိ ရောက်ရှိနေတာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး စစ်အာဏာရှင်က ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားလို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်စေခဲ့ပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ရန်ကုန်ကလာတဲ့ ကုန်တင်သင်္ဘောတွေကိုသာ အဓိက အားထားနေရပြီး ဒါကလည်း စစ်အုပ်စုရဲ့ ခွင့်ပြုမိန့်နဲ့သာ သွားလာနေရတာပါ။

ဒါကြောင့် အဲဒီသင်္ဘောတွေဟာ ပုံမှန်မရောက်ရှိတာကြောင့် စစ်တွေမြို့တွင်းမှာ ကုန်ဈေးနှုန်းတွေက တဟုန်ထိုး မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့ခံတယောက်က “ဝန်ထမ်းတယောက် ရတဲ့လစာက ၂ သိန်းကျော်ပဲ ရှိတာလေ။ ဒီကုန်ဈေးနှုန်းနဲ့ ၁၀ ရက်တောင် မစားနိုင်ဘူး။ အိမ်တအိမ်မှာ မိသားစု လေး ငါးယောက်ရှိရင် တရက်ကို တသိန်းနီးပါး ကုန်ကျမှုရှိနေတာလေ။ ဘယ်လို လောက်ငပါ့မလဲ။ ခုဆိုရင် စစ်တွေမှာ ကျန်ခဲ့သူတွေက ထမင်းနပ်မှန်အောင် မစားနိုင်တဲ့သူ များပါတယ်၊ ဖြစ်သလို စားနေရတာပေါ့နော်။ ထမင်းတအိုးချက်ပြီးတော့ ဟင်းတွေ၊ ငါးတွေကို ပတ်ရှာနေတဲ့သူတွေ များပါတယ်။ ဟင်းတွေ ရလာရင်တော့ ချက်စားကြတယ်။ မရတဲ့နေ့တွေဆိုလည်း မစားရတော့ဘူးပေါ့နော်။ ခုဆိုရင် ပိုဆိုးပါတယ်။ မိုးကလည်း များတော့ ဘာမှ ရှာစားလို့မရဘူးလေ။ ငတ်တလှည့် ပြတ်တလှည့်ပေါ့၊ ချေးငှားစားကြတယ်၊ တချို့က တောင်းရမ်းစားသောက်ကြရတယ်။ တော်တော့ကို ဆိုးဆိုးဝါးဝါးပါပဲ” လို့ ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ဝက်သားနဲ့ အမဲသား တပိဿာကို ကျပ် ၈၀,၀၀၀ ၊ ကြက်ပေါင်တချောင်း ကျပ် ၂၀,၀၀၀ ၊ ကန်စွန်းရွက် တစည်းကို ကျပ် ၁,၀၀၀ ၊ ကြက်သွန်နီ တပိဿာ ကျပ် ၃၅,၀၀၀ ၊ ကြက်သွန်ဖြူ တပိဿာ  ၁၈,၀၀၀၊ ချင်းတပိဿာကို ၄၀,၀၀၀၊ ဆန် တအိတ်ကို ၂၈၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေတာပါ။

ဒါ့အပြင် စစ်ရေးပဋိပက္ခတွေကြောင့် အလုပ်အကိုင် ရှားပါးမှုတွေနဲ့အတူ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကြားမှာ ဒေသခံတွေဟာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြပြီး တောင်းရမ်းစားသောက်နေရတဲ့ အခြေအနေတွေလည်း တွေ့ရတယ်လို့ စစ်တွေမြို့ခံတယောက်က ပြောပါတယ်။

တဖက်မှာလည်း စစ်တွေမြို့မှာ စစ်အုပ်စုရဲ့ အတင်းအဓမ္မ နှင်ထုတ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင် သောင်းချီဟာ ပိုပြီး ဆိုးရွားတဲ့ဒဏ်ကို ရင်ဆိုင်နေရပါတယ်။

နေစရာ အမိုးအကာတွေကလည်း ပေါက်ပြဲနေသလို မိုးယို၊ မိုးပက်တဲ့ဒဏ်ကိုလည်း ဆိုးဝါးစွာ ခံစားနေရပါတယ်။

ဒါ့အပြင် စခန်းက စစ်ဘေးရှောင်ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေပေမဲ့လည်း ဆေးဖိုးအတွက် ငွေကြေးမတတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်တွေမြို့က စစ်ဘေးရှောင် တယောက်က ပြောပါတယ်။

“မိုးရာသီဆိုတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်။ ကလေးတွေက ဖျားနာကြတယ်။ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြတယ်။ ဆေးဖိုးတွေကလည်း ကြီးနေတော့ အဆင်မပြေဘူးပေါ့။ အကုန်လုံး အခက်အခဲရှိတာပေါ့။ ဒီမှာ အဆောင်တွေ လုပ်ထားပေမဲ့လည်း မိုးမလုံဘူး။ လူ ၅ ယောက်မှာ တယောက်လောက်တော့ အာဟာရတွေ ချို့တဲ့တာပေါ့။ ပိုက်ဆံမရှိတော့ အသားဟင်းတွေ ဝယ်လို့ မစားနိုင်ဘူး။ မနက် ကန်စွန်း၊ ည ကန်စွန်းပေါ့ အဲဒီလိုမျိုးတွေ။ အခုက ကန်စွန်း တစည်းကို ၁,၀၀၀ ဖြစ်သွားပြီ။ အရင်တုန်းက ကန်စွန်း ၅၀၀ ဖိုးဆိုရင် စားလို့ရတယ်။ ခုက ၁,၀၀၀ ဖြစ်သွားတော့ ၂ စည်းဝယ်ရင် ၂,၀၀၀ ဖြစ်သွားပြီ။ အဲလိုမျိုးဆို ပိုက်ဆံက မရှိဘူးလေ။ တစည်းကို ထမင်းနှစ်နပ်လုံးအတွက် စားရတာပေါ့။ လက်ရှိမှာ အရေးတကြီးလိုအပ်တဲ့ အကူအညီကတော့ ပိုက်ဆံလိုနေတာပေါ့။”

တဖက်မှာလည်း စစ်အုပ်စုဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် ဝင်ရောက်မလာနိုင်ဖို့ ခြံစည်းရိုး ကာရံတာ၊ မိုင်းထောင်တာနဲ့ လမ်းတွေမှာ လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားပါတယ်။

ညဘက် ဧည့်စာရင်းစစ်ဆေးတာနဲ့ ဖမ်းဆီးမှုတွေကြောင့် စစ်တွေမြို့ခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ လုံခြုံမှုမရှိတဲ့ ဘဝကို နေ့စဉ်ရက်ဆက် ဖြတ်သန်းနေကြရတာပါ။

ဒါ့အပြင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကြောင့် အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ စစ်တွေမြို့ရဲ့ လက်ရှိအခြေအနေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013