
အင်ဒိုနီးရှား ပင်လယ်ပြင်မှာ အဓိက မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကြီးတရပ်ကို တားဆီးနိုင်ခဲ့ပြီး မြန်မာသင်္ဘောသား ၁၀ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဩဂုတ် ၁၉ ရက်က အင်ဒိုနီးရှား အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကမ်းလွန်မှာ တားဆီးပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ သင်္ဘောတစင်းပေါ်ကနေ အရည်ပြုလုပ်ထားတဲ့ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး တန်ချိန် ၂ ဒသမ ၆ တန်လောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်ကနေ အင်ဒိုနီးရှား ရေပြင်ဆီ မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောတစင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ရရှိခဲ့ပြီးနောက် အင်ဒိုနီးရှား အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီ၊ အကောက်ခွန် အရာရှိတွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့ အထူးတပ်ဖွဲ့တခုက ဩဂုတ် ၁၇ ရက်မှာ အဆိုပါ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာလို့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအေဂျင်စီ ညွှန်ကြားရေးမှူး ရွိုင်ဟာဒီ ဆီအာဟန်က ပြောပါတယ်။
အထူးတပ်ဖွဲ့ဝင်တွေဟာ ရီအောက်ပြည်နယ်၊ ဘင်းကာလစ်ခရိုင်ရှိ တန်ဂျွန်ပါရစ်ကမ်းလွန် ရေပြင်မှာ တန်ဇန်းနီးယားအလံစိုက်ထားတဲ့ MV Ocean Porter သင်္ဘောကို တားဆီးပိတ်ဆို့ခဲ့ပြီး စစ်ဆေးဖို့အတွက် စင်ကာပူနိုင်ငံနဲ့ ကပ်လျက်ရှိ ဗာတမ်ကျွန်းရှိ အကောက်ခွန်စစ်ဆင်ရေးစခန်းကို တွဲဆွဲယူဆောင်သွားခဲ့ကြောင်း၊ အဆိုပါသင်္ဘောဟာ အရင်က MV Rain Maker အမည်နဲ့ ပြေးဆွဲခဲ့ပြီး အမည်ပြောင်းလဲခဲ့ကြောင်း၊ ပီပါ ၈ လုံးနဲ့ သင်္ဘောရဲ့ ရေကန်တွေအတွင်း ဝှက်ထားတဲ့ မက်သဖက်တမင်း တန်ချိန် ၂ ဒသမ ၆ တန်လောက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့ ပတ်သက်ပြီး ဗာတမ်ဆိပ်ကမ်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား အာဏာပိုင်တွေက လက်ထိတ်ခတ်ခံထားရတဲ့ မြန်မာနိုင်ငံသား သင်္ဘောသား ၁၀ ယောက်လုံးကို လူထုရှေ့ကို ထုတ်ဖော်ပြသခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ရွိုင်ဟာဒီ ဆီအာဟန်က “ဒီသယ်ယူပို့ဆောင်မှုရဲ့ နောက်ကွယ်မှာရှိတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်ကို ဖော်ထုတ်ဖျက်ဆီးနိုင်ဖို့ အာဏာပိုင်တွေ ဆောင်ရွက်နေတာကြောင့် သင်္ဘောသားတွေနဲ့ သက်သေခံပစ္စည်းတွေကို အထူးစစ်ဆေးမေးမြန်းမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကလည်း ဘင်တန်ကျွန်းကမ်းလွန်မှာ MV King Sun အမည်ရှိ သင်္ဘောပေါ်ကနေ ကတ်တာမင်း မူးယစ်ဆေးဝါး ၁ ဒသမ ၃ တန်ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ထိုင်ဝမ်နိုင်ငံသားတယောက် အပါအဝင် သင်္ဘောသား ၈ ယောက် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးဆိုင်ရာ တင်းကျပ်တဲ့ ဥပဒေတွေရှိပြီး ပြစ်ဒဏ်ထင်ရှားသူ မူးယစ်မှောင်ခိုသမားတွေကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်လေ့ရှိပေမဲ့ အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးရာ အဓိကဗဟိုချက် ဖြစ်နေဆဲ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ အကျဉ်းဦးစီးဌာနရဲ့ အချက်အလက်တွေအရ အင်ဒိုနီးရှားမှာ နိုင်ငံခြားသား ၉၀ အပါအဝင် လူဦးရေ ၅၃၀ လောက်ဟာ သေဒဏ်ချမှတ်ခံထားရပြီး အများစုမှာ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုတွေကြောင့်ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ဆုံးသေဒဏ်ပေးမှုကို ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားနိုင်ငံသား တယောက်နဲ့ နိုင်ငံခြားသား ၃ ယောက်တို့ကို ဆောင်ရွက်ခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။
Source: AP











