DVB Logo
Home
Lead Story
မြန်မာနိုင်ငံမှာ အသိအမှတ်ပြုစရာ အစိုးရတရပ်တည်း ရှိနေသေးရဲ့လား
DVB
·
July 25, 2026
မြန်မာနိုင်ငံမှာ အသိအမှတ်ပြုစရာ အစိုးရတရပ်တည်း ရှိနေသေးရဲ့လား
Donate to DVB

ပြီးခဲ့တဲ့လက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့ စစ်တပ်ကျောထောက်နောက်ခံပြု စစ်အာဏာရှင်အစိုးရသစ်က သူဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ ၂၀၂၁ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလမှာ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ခဲ့တဲ့ စစ်အာဏာရှင်မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဆီကို သူ ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အာဆီယံကိုယ်တိုင်က စစ်အာဏာရှင်အစိုးရသစ်ကို တရားဝင် အသိအမှတ်မပြုထားသလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကိုလည်း လက်မခံထားပါဘူး၊၊ ဒါပေမဲ့ သူတို့ရဲ့ ခရီးစဉ်တွေနဲ့ တွေ့ဆုံမှုတွေ အားလုံးကိုတော့ "စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တခုတည်းသော အစိုးရဖြစ်တယ်" ဆိုတဲ့ အယူအဆပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်နေကြတုန်းပါပဲ။

ဒီလိုလုပ်ရပ်ကို အာဆီယံက သတိထားနေတာ၊ အလျှော့ပေးနေတာ၊ ဒါမှမဟုတ် မြေပြင်အခြေအနေကို တုံ့ပြန်ဖို့ နှေးကွေးနေတာလို့ တော်တော်များများက ကောက်ချက်ချလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ဒါဟာ နယ်မြေတခုမှာ အစိုးရတရပ်ကိုပဲ အသိအမှတ်ပြုလေ့ရှိတဲ့ သံတမန်ရေးရာ အလေ့အထတခုကို ထင်ဟပ်နေတာပါ။ အာဆီယံအနေနဲ့ စစ်အာဏာရှင်အစိုးရကို အသိအမှတ်ပြုသင့်သလား၊ ဒါမှမဟုတ် အပြိုင်အဆိုင်ဖြစ်နေတဲ့ တခြားအဖွဲ့အစည်းတွေကိုပဲ အသိအမှတ်ပြုသင့်သလား ဆိုတာကို မေးနေမဲ့အစား၊ "အစိုးရတရပ်တည်းကိုပဲ အသိအမှတ်ပြုဖို့ ရှာဖွေနေတာဟာ လက်ရှိအခြေအနေကို ချဉ်းကပ်ဖို့ အကောင်းဆုံး ဒါမှမဟုတ် တခုတည်းသော နည်းလမ်း ဟုတ်ရဲ့လား" ဆိုတဲ့ မေးခွန်းက ပိုပြီး အသုံးဝင်ပါလိမ့်မယ်။

အာဆီယံ စတင်ဖွဲ့စည်းကတည်းက ချမှတ်ထားတဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး မူဝါဒဟာ နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ အစိုးရတရပ်တည်း ရှိနေတယ်ဆိုတဲ့ ယူဆချက်ပေါ်မှာ အခြေခံထားတာပါ။ ၁၉၇၆ ခုနှစ် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်မှာ ဒီမူဝါဒကို တရားဝင် ထည့်သွင်းခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတခုမှာ အစိုးရအချင်းချင်း အပြိုင်အဆိုင် ဖြစ်နေမဲ့ အခြေအနေမျိုးကိုတော့ တည်ထောင်သူတွေက ကြိုတင် မတွေးမိခဲ့ကြပါဘူး။

နိုင်ငံတကာ ဥပဒေမှာ နိုင်ငံတနိုင်ငံ တည်ရှိနေမှုနဲ့ အဲဒီနိုင်ငံရဲ့ အစိုးရကို အသိအမှတ်ပြုမှုဆိုတာ မတူညီတဲ့ အရာ ၂ ခုပါ။ နိုင်ငံတွေဟာ အုပ်ချုပ်ရေးပိုင်းမှာ အပြိုင်အဆိုင် ဖြစ်နေရင်တောင်မှ နိုင်ငံတခုအဖြစ်ကနေ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှ ဒီလိုဖြစ်တာ မဟုတ်ပါဘူး။ ဆိုမာလီယာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ရေးပိုင်း ကွဲပြားနေခဲ့သလို၊ လစ်ဗျားမှာလည်း ၂၀၁၄ ခုနှစ်ကတည်းက အပြိုင်အဆိုင် အစိုးရတွေ ရှိနေခဲ့တာပါ။ အာဖဂန်နစ္စတန်ရဲ့ ကုလသမဂ္ဂနေရာဆိုရင်လည်း ၂၀၂၁ ခုနှစ်ကတည်းက ဆိုင်းငံ့ခံထားရပါတယ်။ ဒါပေမဲ့ သံတမန်ရေးရာ လက်တွေ့လုပ်ဆောင်မှုတွေမှာတော့ တည်ငြိမ်တဲ့ နိုင်ငံတနိုင်ငံဆိုတာကိုပဲ ပုံသေထားပြီး ဆက်ဆံလေ့ရှိတဲ့အတွက် အခုလို ဟာကွက်တွေ ဖြစ်လာတာပါ။

မြန်မာနိုင်ငံရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ကြည့်ရင် ဒီဟာကွက်က ဘယ်လောက်တောင် ကြီးမားလာသလဲဆိုတာ မြင်နိုင်ပါတယ်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်း အခြေအနေအရ စစ် အာဏာရှင်အစိုးရဟာ အဓိက လူနေထူထပ်တဲ့ မြို့ကြီးတော်တော်များများကို ထိန်းချုပ်ထားတယ် ဆိုပေမဲ့ နိုင်ငံဧရိယာရဲ့ ၅ ပုံ ၁ ပုံကနေ ၃ ပုံ ၁ ပုံလောက်ကိုပဲ အုပ်ချုပ်နိုင်ပါတော့တယ်။

အဲဒီအထဲမှာ အုပ်ချုပ်ရေးယန္တရား မရှိဘဲ စစ်တပ်တပ်စွဲထားရုံလောက်ပဲ ရှိတဲ့ နေရာတွေလည်း ပါဝင်ပါတယ်။ ကျန်တဲ့ နိုင်ငံရဲ့ ထက်ဝက်နီးပါးကတော့ အဖွဲ့အစည်းတခုတည်းအောက်ကို ရောက်မသွားဘဲ၊ ကိုယ့်နယ်မြေနဲ့ကိုယ် အုပ်ချုပ်နေတဲ့ "စစ်ဘုရင်စနစ်" လို ပုံစံမျိုးတွေအဖြစ် ကွဲထွက်သွားခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) ဆိုရင် ရခိုင်ပြည်နယ် နီးပါးတခုလုံးကို အုပ်ချုပ်နေပြီး ဘင်္ဂလားဒေ့ရှ်နဲ့လည်း ကိုယ်ပိုင်ဆက်ဆံရေးတွေ လုပ်နေပါတယ်။ (ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒါဟာ သံတမန်ရေးအရ တရားဝင် အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ ဆိုထားပါတယ်)။

စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ  (NUG နဲ့ မဟာမိတ်ဖွဲ့သည်ဖြစ်စေ၊ မဖွဲ့သည်ဖြစ်စေ) အားလုံးဟာ နိုင်ငံရဲ့ တခုတည်းသော အစိုးရဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတာထက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဏာ စင်တာတွေကို အသီးသီး တည်ဆောက်နေကြတာပါ။ NUG ဘက်က မြို့နယ်ဘယ်နှမြို့နယ်ကို ထိန်းချုပ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေကလည်း အပြောင်းအလဲ ရှိသလို အတည်ပြုဖို့လည်း ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ မတ်လကတော့ NUG ဟာ အုပ်ချုပ်ရေးပိုင်းကို ပိုမိုခိုင်မာအောင် တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ ပူးပေါင်းပြီး ညှိနှိုင်းရေးအဖွဲ့သစ် တခုကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအခြေအနေတွေကို လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ လည်ပတ်ပုံပါပဲလို့ ရိုးရိုးလေး ပြောလိုက်မယ်ဆိုရင် ထင်ရှားတဲ့ ကန့်ကွက်မှုတခု ပေါ်လာနိုင်ပါတယ်။ အဲဒါက "နယ်မြေတခုကို လက်နက်ကိုင်ပြီး ထိန်းချုပ်ထားရုံနဲ့ အုပ်ချုပ်ခွင့် အာဏာရသွားတာ မဟုတ်ဘူး" ဆိုတာပါပဲ။ ဒီစံနှုန်းကို တိုက်ရိုက်အသုံးချမယ်ဆိုရင်၊ စစ်ကောင်စီရဲ့ အာဏာဟာ မြန်မာစစ်တပ်အပေါ် မှီခိုနေရသလိုမျိုး၊ မြေပြင်မှာ NUG ရဲ့ ရပ်တည်မှုကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပေါ် မှီခိုနေရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုနဲ့ NUG ရဲ့ ရွေးကောက်ပွဲအရ ရရှိထားတဲ့ အာဏာဆိုတာက မတူညီတဲ့ ပြောဆိုချက် ၂ ခုပါ။ ပြီးတော့ ဒီပြောဆိုချက် ၂ ခုစလုံးက အရင်က ဖြစ်ပျက်ခဲ့တာတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်သလို၊ အာဏာရဖို့ သို့မဟုတ် အာဏာတည်မြဲဖို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

လက်နက်ကိုင်အဖွဲ့တဖွဲ့ကို အသိအမှတ်မပြုဘဲ ဆက်ဆံဖို့ ငြင်းဆန်တာဟာ မြေပြင်က တကယ့်လက်တွေ့အခြေအနေကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ နိုင်ငံတကာက ဘယ်အဖွဲ့ကို အစိုးရလို့ ခေါ်မလဲဆိုတာလောက်ပဲ ပြောင်းလဲသွားစေမှာပါ။

"အစိုးရတရပ်တည်း" ဆိုတဲ့ ပုံစံခွက်အောက်ကနေ နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ အလှမ်းဝေးနေဆဲဖြစ်ပေမဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကတော့ ဒီဘောင်ထဲမှာပဲ လည်ပတ်နေတုန်းပါပဲ။ ဥပမာ ကုလသမဂ္ဂက မြန်မာ့ကိုယ်စားပြုနေရာကို ကြည့်ပါ။ အစိုးရတရပ်တည်းအတွက် ရည်ရွယ်ထားတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်ဟာ အစိုးရတရပ်တည်း မရှိတဲ့ကိစ္စကို မဖြေရှင်းနိုင်တဲ့အတွက်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီအနေနဲ့ စစ်ကောင်စီနဲ့ NUG ကြား ဘယ်သူ့ကို ရွေးရမလဲ မဆုံးဖြတ်နိုင်ဘဲ၊ လက်ရှိ ထိုင်နေတဲ့သူကိုပဲ ဆက်ထားဖို့ အလိုအလျောက် ဆုံးဖြတ်လိုက်ရပါတယ်။

တရုတ်နိုင်ငံကတော့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဆက်မပြတ် ဆက်ဆံရေးရှိနေပါတယ်။ တရုတ်က "အစိုးရတရပ်တည်း" ဆိုတဲ့ ပုံစံကို တကယ်တမ်း လက်ခံထားတာ မဟုတ်ပါဘူး။ တရုတ်ရဲ့ မဟာဗျူဟာနဲ့ စီးပွားရေး အကျိုးစီးပွားတွေအတွက် အစိုးရတရပ်တည်း ရှိဖို့ လိုအပ်ရဲ့လားဆိုတာတောင် မသေချာပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရနေတဲ့ အဖွဲ့တွေအနေနဲ့ နေပြည်တော်နဲ့ ဆွေးနွေးတဲ့အခါ အလျှော့ပေးစရာ အကြောင်းသိပ်မရှိတဲ့အတွက်၊ တရုတ်ဟာ တနိုင်ငံလုံးလွှမ်းခြုံတဲ့ ရလဒ်တခုထက် လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းစီနဲ့ပဲ ဒေသအလိုက် သဘောတူညီမှုတွေ ရယူနေပါတယ်။ ဥပမာ အာရက္ခတပ်တော် (Arakan Army) ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ပါဝင်ဖို့ထက်၊ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ်လိုမျိုး ကွန်ဖက်ဒရိတ် အဆင့်အတန်းမျိုးရဖို့ ကြိုးပမ်းနေပါတယ်။

အာဆီယံရဲ့ ရပ်တည်ချက်က ဥက္ကဋ္ဌ အလှည့်ကျပြောင်းသွားတိုင်း အသစ်ပြန်ဖြစ်သွားပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကလည်း တပြေးညီ မရှိပါဘူး။ မကြာသေးခင်က ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို သွားခဲ့တာဟာ ရွေးကောက်ပွဲအလွန် အစိုးရကို လက်တွေ့မှာ အသိအမှတ်ပြုလိုက်တာပဲလို့ တချို့လေ့လာသူတွေက ရှုမြင်ကြပါတယ်။ တချိန်တည်းမှာပဲ စင်ကာပူကတော့ သူတို့ တရားဝင်တယ်လို့ ယူဆတဲ့ အစိုးရတရပ် ပေါ်လာမဲ့ အချိန်ကို စောင့်ရင်း အသိအမှတ်ပြုဖို့ ငြင်းဆန်ထားဆဲပါ။ အရှေ့တီမော ဆိုရင်လည်း စစ်အာဏာရှင်ကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲတိုင်ကြားဖို့ လုပ်ဆောင်နေပါတယ်။ နိုင်ငံတိုင်းက မြန်မာနိုင်ငံမှာ အသိအမှတ်ပြုစရာ အစိုးရတရပ်တည်း ရှိရမယ်လို့ ယူဆထားကြပေဲ့ ဘယ်အစိုးရလဲ ဆိုတာကိုတော့ သဘောမတူနိုင်ကြပါဘူး။ ဒီလိုရပ်တည်ချက် အားလုံးကိုကျေနပ်စေမဲ့ (အနည်းဆုံး တခုကိုတောင် ကျေနပ်စေမဲ့) အစိုးရတရပ်တည်း ပေါ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

အိန္ဒိယရဲ့ ချဉ်းကပ်ပုံကတော့ အာဆီယံနဲ့ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မတူပါဘူး။ ပြီးခဲ့တဲ့လက စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် နယူးဒေလီကို လာရောက်ပြီးနောက်၊ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်က အိန္ဒိယရဲ့ မူဝါဒဟာ မြန်မာနိုင်ငံရဲ့ "ပြည်တွင်း နိုင်ငံရေး အစီအမံတွေကို မှတ်ချက်ပေးဖို့ ရည်ရွယ်တာ မဟုတ်ဘူး" လို့ ပြောပါတယ်။ အဲဒီခရီးစဉ် မတိုင်ခင်က မင်းအောင်လှိုင်ကို လက်မခံဖို့ NUG က အိန္ဒိယကို တောင်းဆိုခဲ့ပေမဲ့ အိန္ဒိယအစိုးရက တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ တရုတ်နဲ့ အိန္ဒိယတို့ဟာ အပြိုင်အဆိုင်ဖြစ်နေတဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေဆီကနေ သူတို့လိုချင်တဲ့ အကျိုးစီးပွားတွေကိုပဲ ရယူနေကြပြီး၊ ဘယ်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်ပြုရမလဲဆိုတာကို စောင့်ဆိုင်းတာမျိုး၊ တောင်းဆိုတာမျိုး မလုပ်ကြပါဘူး။

လက်တွေ့အခြေအနေကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ ချဉ်းကပ်ပုံ နည်းလမ်းတခုတည်း ဆိုတာ ရှိချင်မှ ရှိပါလိမ့်မယ်။

ဒေါက်တာ တေးလစ်ပ်လီ

Source: The Diplomat

(The Diplomat မဂ္ဂဇင်းဝက်ဘက်ဆိုက်တွင် ဆောင်းပါးရှင် ဒေါက်တာ တေးလစ်ပ်လီ ရေးသားထားသည့် “Does Myanmar Still Have One Government to Recognize?” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာ တေးလစ်ပ်လီဟာ Regionalism ကို အထူးပြုလေ့လာနေတဲ့ သီးခြားလွတ်လပ်တဲ့ ပညာရှင်တယောက်ဖြစ်ပြီး အစိုးရတွေနဲ့ အာဆီယံအဖွဲ့အစည်းတွေအတွက် အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013