DVB Logo
Home
ဆောင်းပါး
အမေရိက လွတ်လပ်ခွင့်၊ အာဏာနဲ့ နှစ် ၂၅၀
စိုင်းခေတ်နွေ
·
July 8, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီ ၁၃ ခုကနေ လွတ်လပ်ရေးကြေညာခဲ့အပြီးမှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာစေမဲ့  နိုင်ငံရေးစမ်းသပ်မှုတခု စတင်ခဲ့တာ ရာစုနှစ် နှစ်ခုခွဲ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမွေးနေ့မှာ မီးရှူးမီးပန်းတွေ၊ စီတန်းလှည့်လည်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ မိန့်ခွန်းတွေ၊ အလံတွေနဲ့အတူ မျက်စိနောက်လောက်အောင်ကို အနီ၊ အဖြူ၊ အပြာရောင်တွေ လွှမ်းခြုံနေခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ ၂၅၀ ပြည့် နှစ်ပတ်လည်ဆိုတာ မွေးနေ့ပါတီပွဲသက်သက် မဟုတ်ပါဘူး။ ပိုကြီးမားတဲ့ မေးခွန်းတခု မေးရမဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ အမေရိကန်တွေ တကယ်တမ်း ဘာကို အောင်ပွဲခံနေကြတာလဲ။ တော်လှန်ရေးတခုကိုလား။ သမ္မတနိုင်ငံတခုကိုလား။ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာတာကိုလား။ လွတ်လပ်ခွင့် ကတိကဝတ်တခုကိုလား။ ဒါမှမဟုတ် ကွဲလွဲဆန့်ကျင်မှုတွေကြားမှာ ရုန်းကန်နေရဆဲဖြစ်တဲ့ မပြီးဆုံးသေးတဲ့ စီမံကိန်းအတွက်  အောင်ပွဲခံနေတာလား။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၅၀ နှစ်တာ ကာလကို ပြန်ကြည့်ကြရ အောင်ပါ။

အပိုင်း ၁၊ ၁၇၇၆ - သမ္မတနိုင်ငံ မွေးဖွားခြင်း

အမေရိကန်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတနိုင်ငံတည်းနဲ့ စတင်ခဲ့တာ မဟုတ်ဘဲ မြောက်အမေရိကရဲ့ အတ္တလန္တိတ် ကမ်းရိုးတန်းတလျှောက်က ကိုလိုနီ ၁၃ ခုနဲ့ စတင်ခဲ့တာပါ။

၁၇၀၀ ပြည့်လွန်နှစ်တွေမှာ ဒီကိုလိုနီတွေကို ဗြိတိန်က အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခွန်အခတွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံရေး ကိုယ်စားပြုခွင့်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ကြီးထွားလာ ခဲ့ပါတယ်။

အမြဲကြားနေကျ စကားစုကတော့- “ကိုယ်စားပြုခွင့်မရဘဲ အခွန်မဆောင်နိုင်” (No taxation without representation) ဆိုတာပါပဲ။

ကိုလိုနီနယ်သားတွေဆီကနေ ဗြိတိသျှလွှတ်တော်က အခွန်ကောက်ခံနေပေမဲ့ အဲဒီလွှတ်တော်မှာ သူတို့ရဲ့ တိုက်ရိုက်ကိုယ်စားလှယ် မရှိခဲ့ပါဘူး။

ဘော်စတွန် လက်ဖက်ခြောက် အရေးအခင်း (Boston Tea Party)၊ ဗြိတိသျှစစ်တပ်ရဲ့ နှိမ်နင်းမှုတွေနဲ့ လွတ်လပ်ရေးအတွက် တောင်းဆိုမှုတွေ ကြီးထွားလာတာနဲ့အမျှ ပဋိပက္ခဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

၁၇၇၆ ခုနှစ် ရောက်တဲ့အခါ ငြင်းခုံမှုတွေဟာ ဆန္ဒပြပွဲအဆင့်ကနေ တော်လှန်ရေးအဆင့်ကို ကူးပြောင်းသွားခဲ့ပါတယ်။

၁၇၇၆ ခုနှစ် ဇွန်လ ၇ ရက်မှာ ရစ်ချတ် ဟင်နရီလီးက လွတ်လပ်ရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် တရားဝင် ကြေညာစာတမ်းတရပ် ရေးဆွဲဖို့ ကော်မတီတခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီမှာ သောမတ်စ် ဂျက်ဖာဆန်၊ ဂျွန် အဒမ်စ်၊ ဘင်ဂျမင် ဖရန်ကလင်၊ ရော်ဂျာ ရှာမန်နဲ့ ရောဘတ် လစ်ဗင်းစတန်တို့ ပါဝင်ခဲ့ပါတယ်။ သောမတ်စ် ဂျက်ဖာဆန်ဟာ အဓိက ရေးသားပြုစုသူ ဖြစ်လာခဲ့ပါတယ်။

၁၇၇၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ကွန်တီနန်တယ်လွှတ်တော်က လွတ်လပ်ရေးအတွက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဇူလိုင် ၄ ရက်နေ့မှာမှ လွှတ်တော်က လွတ်လပ်ရေးကြေညာစာတမ်းရဲ့ နောက်ဆုံးမူကြမ်းကို အတည်ပြုခဲ့တဲ့အတွက် လွတ်လပ်ရေးနေ့လို့ သတ်မှတ်တာဖြစ်ပါတယ်။ တကယ်တမ်း ဗြိတိန်နဲ့ နိုင်ငံရေးအရ အဆက်အသွယ်ဖြတ်ဖို့ကို ဇူလိုင် ၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ မွေးနေ့ပွဲကိုတော့ ဇူလိုင် ၄ ရက်နေ့မှာ ကျင်းပကြပါတယ်။

အပိုင်း ၂၊ ကြေညာစာတမ်းရဲ့ ဝိရောဓိများ

လွတ်လပ်ရေးကြေညာစာတမ်းဟာ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေးစာတမ်းတွေထဲက တခုဖြစ်ပါတယ်။ အဲဒီစာတမ်းရဲ့ အစွမ်းအထက်ဆုံး စာသားက “လူသားအားလုံးကို တန်းတူညီမျှ ဖန်တီးထားတယ်” ဆိုတဲ့အချက်နဲ့ လူတွေမှာ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခွင့်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီစကားလုံးတွေဟာ ကမ္ဘာတဝန်းက တော်လှန်ရေးတွေ၊ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေး ရုန်းကန်မှုတွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အစကတည်းက ကွဲလွဲဆန့်ကျင်မှုတခု ရှိနေခဲ့ပါတယ်။ နိုင်ငံသစ်က လွတ်လပ်ခွင့်အကြောင်း ကြွေးကြော်နေချိန်မှာ ကျွန်စနစ် ကြီးစိုးနေဆဲပါ။ တန်းတူညီမျှရေးအကြောင်း ပြောနေချိန်မှာ အမျိုးသမီးတွေက မဲပေးခွင့် မရှိသေးပါဘူး။

အခွင့်အရေးတွေအကြောင်း ပြောနေချိန်မှာ ဒေသခံ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ မြေယာတွေကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ ဒီကြေညာစာတမ်းဟာ အဲဒီခေတ်အခါက အပြောင်းအလဲကြီးတခု ဖြစ်ခဲ့ပေမဲ့ မပြည့်စုံသေးပါဘူး။ နိုင်ငံကိုယ်တိုင် အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်သေးတဲ့ ကတိကဝတ်တခုကို ဖန်တီးခဲ့တာပါ။ ဒီကွဲလွဲဆန့်ကျင်မှုဟာ အမေရိကန်သမိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခုကို ပုံဖော်ပေးခဲ့ပါတယ်။

အပိုင်း ၃၊ တော်လှန်ရေးမှသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆီသို့

လွတ်လပ်ရေး ကြေညာတာက တပိုင်း။ တကယ်ရအောင် ယူရတာက တပိုင်းပါ။ ၁၇၈၃ ခုနှစ်မှာ ဗြိတိန်က အမေရိကန်ရဲ့ လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြုတဲ့အထိ တော်လှန်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံသစ်ဟာ ခက်ခဲတဲ့ မေးခွန်းတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတနိုင်ငံတခုကို တကယ်တမ်း ဘယ်လိုအုပ်ချုပ်မလဲ ဆိုတာပါပဲ။

Articles of Confederation လို့ခေါ်တဲ့ ကိုလိုနီနယ်တွေရဲ့ ပထမဆုံး စာချုပ်၊ ပထမဆုံးဥပဒေမှာ  ဗဟိုအစိုးရကို အာဏာနည်းနည်းပဲ ပေးထားပါတယ်။ ဒါကြောင့် ၁၇၈၇ ခုနှစ်မှာ အမေရိကန် ခေါင်းဆောင်တွေဟာ ဖီလာဒဲလ်ဖီးယားမှာ စုဝေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တရပ်ကို ရေးဆွဲခဲ့ကြပါတယ်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမျိုးသားအစိုးရနဲ့ ပြည်နယ်တွေကြား အာဏာခွဲဝေပေးတဲ့ ဖက်ဒရယ်စနစ်ကို ဖန်တီးခဲ့ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုပြီး အစိုးရမဏ္ဍိုင် သုံးရပ်ကိုလည်း ဖန်တီးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မဏ္ဍိုင်တခုတည်းက အာဏာအလွန်အကျွံ ရလာမှာကို တားဆီးဖို့ပါပဲ။

မကြာခင်မှာပဲ လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ စုဝေးခွင့်နဲ့ တရားမျှတစွာ စီရင်ခွင့် စတဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးတဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း (Bill of Rights) ကို ထည့်သွင်းခဲ့ပါတယ်။ ဒါတွေဟာ အမေရိကန်ရဲ့ နိုင်ငံရေးဖြစ်တည်မှုအတွက် အဓိကကျလာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကန့်သတ်ချက်တွေ ရှိနေဆဲပါ။ အစောပိုင်းကာလ သမ္မတနိုင်ငံကို ပစ္စည်းပိုင်ဆိုင်မှုရှိတဲ့ လူဖြူအမျိုးသားတွေကသာ အဓိက အုပ်ချုပ်ခဲ့တာပါ။ ဒီမိုကရေစီ ကတိကဝတ် ရှိခဲ့ပေမဲ့ အဲဒီကတိကဝတ်ကို အပြည့်အဝ ခံစားခွင့် မရှိခဲ့ပါဘူး။

အပိုင်း ၄၊ နယ်မြေချဲ့ထွင်ခြင်း၊ ကျွန်စနစ်နဲ့ ပြည်တွင်းစစ်

၁၈၀၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုဟာ မြောက်အမေရိကတလွှား အလျှင်အမြန် နယ်မြေချဲ့ထွင်ခဲ့ပါတယ်။ ဒီလိုချဲ့ထွင်မှုက စည်းစိမ်ဥစ္စာ၊ မြေယာနဲ့ နိုင်ငံရေးအာဏာသစ်တွေကို ဖန်တီးပေးခဲ့ပါတယ်။

ဒါပေမဲ့ အထူးသဖြင့် အမေရိကန် ဒေသခံတိုင်းရင်းသား လူမှုအသိုင်းအဝိုင်းတွေအတွက်တော့ အကြမ်းဖက်မှုတွေနဲ့ နေရာရွှေ့ပြောင်းခံရမှုတွေ ပါဝင်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကျွန်စနစ်ဟာ နိုင်ငံရဲ့ အဓိက ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။

အမေရိကန်တောင်ပိုင်းရဲ့ စီးပွားရေးဟာ ကျွန်လုပ်အားအပေါ် အကြီးအကျယ် မှီခိုနေရပြီး ကျွန်စနစ် ဖျက်သိမ်းရေးသမားတွေကတော့ ကျွန်စနစ် အဆုံးသတ်ဖို့ တွန်းအားပေးခဲ့ကြပါတယ်။

ဒီပဋိပက္ခကနေတဆင့် ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ ခုနှစ်အထိ ပြည်တွင်းစစ်ဆီကို ဦးတည်သွားခဲ့ပါတယ်။ 

ဒါဟာ အမေရိကန်သမိုင်းမှာ လူအသေအပျောက် အများဆုံးစစ်ပွဲအဖြစ် မှတ်တမ်းဝင်နေဆဲပါ။ သမ္မတ အေဘရာဟမ် လင်ကွန်းက စစ်ပွဲကာလမှာ ကျွန်လွတ်မြောက်ရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုတပ်တွေ အနိုင်ရပြီးနောက်မှာ အခြေခံဥပဒေ ၁၃ ကြိမ်မြောက် ပြင်ဆင်ဖြည့်စွက်ချက် အရ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။

၁၄ ကြိမ်မြောက် ပြင်ဆင်ချက်က ဥပဒေအရ တန်းတူညီမျှ ကာကွယ်ပေးဖို့ ကတိပြုခဲ့ပြီး ၁၅ ကြိမ်မြောက် ပြင်ဆင်ချက်က လူမည်းအမျိုးသားတွေရဲ့ မဲပေးခွင့်ကို ကာကွယ်ပေးခဲ့ပါတယ်။ ပြန်လည်တည်ဆောက်ရေးလို့ ခေါ်တဲ့ ဒီကာလဟာ အမေရိကန် ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ဖို့ ကြီးမားတဲ့ ကြိုးပမ်းမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အထူးသဖြင့် တောင်ပိုင်းမှာ လူမျိုးရေးခွဲခြားမှု၊ လူမျိုးရေးခွဲခြားတဲ့ ဥပဒေတွေနဲ့ မဲဆန္ဒရှင်တွေကို ဖိနှိပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ကျွန်စနစ် ပြီးဆုံးသွားပေမဲ့လည်း တန်းတူညီမျှ နိုင်ငံသားဖြစ်ခွင့်အတွက် ရုန်းကန်မှုတွေက နောက်ထပ် ရာစုနှစ်တခုကြာတဲ့အထိ ဆက်ရှိနေခဲ့ပြီး အခုချိန်ထိလည်း ရှိနေဆဲ ဖြစ်ပါတယ်။

အပိုင်း ၅၊ အမေရိကန် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာခြင်း

၁၉ ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစု အစောပိုင်းရောက်ချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ စက်မှုလုပ်ငန်းဆိုင်ရာ အင်အားကြီးနိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

ရထားလမ်းတွေ၊ စက်ရုံတွေ၊ ရေနံ၊ သံမဏိ၊ ဘဏ်လုပ်ငန်းနဲ့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက နိုင်ငံကို ပြောင်းလဲစေခဲ့ပါတယ်။

အလုပ်အကိုင်၊ လုံခြုံရေးနဲ့ ပိုမိုကောင်းမွန်တဲ့ဘဝကို ရှာဖွေဖို့ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာ ရောက်ရှိလာခဲ့ကြပြီး အများစုက နယူးယောက်က အဲလစ်ကျွန်း ကနေတဆင့် ဝင်ရောက်လာခဲ့ကြတာပါ။

ကြိုးစားလုပ်ကိုင်ရင် ဘယ်သူမဆို ပိုကောင်းတဲ့ အနာဂတ်ကို တည်ဆောက်နိုင်တယ်ဆိုတဲ့ 'အမေရိကန်အိပ်မက် (American Dream)' ဟာ အလွန်ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေက မညီမျှခဲ့ပါဘူး။

စက်မှုလုပ်ငန်း တိုးတက်လာမှုနဲ့အတူ မညီမျှမှုတွေ၊ ညံ့ဖျင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကိုပါ သယ်ဆောင်လာခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာစစ်နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်ပြည်ထောင်စုဟာ ဆိုဗီယက်ယူနီယံနဲ့အတူ ကြီးစိုးလွှမ်းမိုးနိုင်တဲ့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံထဲက တနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ စစ်အေးတိုက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာ ပုံဖော်ခဲ့ပါတယ်။

အမေရိကန်ဟာ စစ်ရေးမဟာမိတ်ဖွဲ့မှုတွေ တည်ဆောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ကာ "လွတ်လပ်သောကမ္ဘာ" ရဲ့ ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ မြှင့်တင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗီယက်နမ်ကနေ အီရတ်အထိ၊ လက်တင်အမေရိက ကနေ အရှေ့အလယ်ပိုင်းအထိ နိုင်ငံရပ်ခြားမှာ ဝင်ရောက်စွက်ဖက်မှုတွေကနေ အာဏာရှင် မဟာမိတ်တွေကို ထောက်ခံ အားပေးမှုတွေအထိ အမေရိကန်ရဲ့ အာဏာဟာ အငြင်းပွားဖွယ်ရာတွေကိုလည်း ယူဆောင်လာခဲ့ ပါတယ်။ အမေရိကန်ဟာ နိုင်ငံတနိုင်ငံသာမက ကမ္ဘာလုံးဆိုင်ရာ အင်အားစုတရပ် ဖြစ်လာခဲ့ပါတယ်။ လူအများရဲ့ လေးစားအားကျမှုကို ခံရသလို လူအများရဲ့ ဝေဖန်မှုကိုလည်း ခံရပါတယ်။

အပိုင်း ၆၊ ယဉ်ကျေးမှု၊ နည်းပညာနဲ့ ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှု

အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုဟာ စစ်ရေး ဒါမှမဟုတ် စီးပွားရေးသက်သက် မဟုတ်ပါဘူး။ ယဉ်ကျေးမှုအရလည်း ဖြစ်ပါတယ်။

ဟောလိဝုဒ်၊ ဂျက်ဇ်၊ ရော့ခ်အင်ရိုး၊ ဟစ်ပ်ဟော့ပ်၊ Fast food ၊ ဂျင်းဘောင်းဘီ၊ ဆိုရှယ်မီဒီယာ၊ ဆီလီကွန်တောင်ကြား၊ ဗီဒီယိုစထရီးမင်း ပလက်ဖောင်းတွေနဲ့ စူပါဟီးရိုး ရုပ်ရှင်တွေ— အမေရိကန်ယဉ်ကျေးမှုဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်ပြီး ကမ္ဘာတဝန်းက နေ့စဉ်ဘဝတွေကို ပုံဖော်ပေးခဲ့ပါတယ်။

၂၀ ရာစုမှာ အမေရိကန်ဟာ ခေတ်မီခြင်းရဲ့ သင်္ကေတတခု ဖြစ်လာခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ လကမ္ဘာပေါ် ဆင်းသက်နိုင်ခဲ့တာဟာ လူသားသမိုင်းမှာ အထင်ရှားဆုံး အခိုက်အတန့်တွေထဲက တခု ဖြစ်လာခဲ့ပါတယ်။ ၂၀ ရာစု နှောင်းပိုင်းနဲ့ ၂၁ ရာစု အစောပိုင်းကာလတွေမှာ အမေရိကန် နည်းပညာကုမ္ပဏီတွေဟာ ဒီနေ့ ကျွန်ုပ်တို့ နေထိုင်နေတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကို တည်ဆောက်ရာမှာ ကူညီပေးခဲ့ပါတယ်။

Google၊ Apple၊ Microsoft၊ Meta၊ Amazon၊ OpenAI စတာတွေပဲ ဖြစ်ပါတယ်။ အင်တာနက်ခေတ်က အမေရိကန်ရဲ့ ဆန်းသစ်တီထွင်မှုကို ကမ္ဘာတဝန်းမှာ အင်အားကြီးမားစေခဲ့ပါတယ်။ ဒါပေမဲ့ မေးခွန်းသစ်တွေကိုလည်း ပေါ်ပေါက်လာစေခဲ့ပါတယ်။ သတင်းအချက်အလက်တွေကို ဘယ်သူက ထိန်းချုပ်မလဲ။ အချက်အလက် (Data) ကို ဘယ်သူပိုင်ဆိုင်သလဲ။ ဉာဏ်ရည်တု (AI) ကနေ ဘယ်သူတွေ အကျိုးအမြတ်ရမလဲ။ ပုဂ္ဂလိက နည်းပညာကုမ္ပဏီတွေမှာ ဘယ်လောက်အထိ အာဏာရှိသင့်သလဲ။ ဒါကြောင့် အမေရိကန်ရဲ့ ပုံပြင်ဟာ အစိုးရအကြောင်း သီးသန့်မဟုတ်တော့ပါဘူး။ ကော်ပိုရေးရှင်းတွေ၊ ပလက်ဖောင်းတွေ၊ အယ်လ်ဂိုရစ်သမ် တွေနဲ့ ခေတ်သစ်ဘဝကို ပုံဖော်နေတဲ့ ဒစ်ဂျစ်တယ်စနစ်တွေအကြောင်းလည်း ဖြစ်နေပါပြီ။

အပိုင်း ၇၊ အမေရိကန်အိပ်မက်နဲ့ သူ့ရဲ့ ကန့်သတ်ချက်များ

ကမ္ဘာတဝန်းက လူများစွာအတွက် အမေရိကန်ဟာ ဖြစ်နိုင်ခြေတွေကို ကိုယ်စားပြုပါတယ်။ ပညာသင်ဖို့။ အလုပ်လုပ်ဖို့။ ဘဝသစ် ပြန်စဖို့ပါ။ အမေရိကန်အိပ်မက်က သင့်ရဲ့ အနာဂတ်ဟာ သင့်ရဲ့ နောက်ခံအခြေအနေကြောင့် ကန့်သတ်မခံရသင့်ဘူးလို့ ဆိုပါတယ်။ ဒီအယူအဆဟာ အားကောင်းနေဆဲပါ။

ဒါပေမဲ့ ဒီနေ့ခေတ်မှာ အမေရိကန်အိပ်မက်ဟာ လူတိုင်းအတွက် တန်းတူညီမျှ အလုပ်ဖြစ်သေးရဲ့လား ဆိုတာကို အမေရိကန်နိုင်ငံသား အများအပြားက မေးခွန်းထုတ်နေကြပါပြီ။ အိမ်ရာစရိတ်တွေ ကြီးမြင့်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေ ကြီးမားတယ်။ ကျောင်းလခ အကြွေးတွေ ပိနေတယ်။ နိုင်ငံရေးအရ အစွန်းရောက် ကွဲလွဲမှုတွေ ပြင်းထန်တယ်။ လူဝင်မှုကြီးကြပ်ရေး ကိစ္စဟာလည်း အငြင်းပွားစရာ ဖြစ်နေဆဲပါ။

သေနတ်နဲ့ အကြမ်းဖက်မှု၊ လူမျိုးရေး မညီမျှမှုနဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု ကင်းမဲ့လာတာတွေက နိုင်ငံကို ဆက်လက် ကွဲပြားစေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ဟာ သုတေသန၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေးနဲ့ နိုင်ငံရေး အချေအတင် ဆွေးနွေးမှုတွေရဲ့ ဗဟိုချက်အဖြစ် ဆက်ရှိနေပါတယ်။ ဒါကြောင့်မို့ ဒီနိုင်ငံကို စာကြောင်းတကြောင်းတည်းနဲ့ ဖော်ပြဖို့ အရမ်းခက်ခဲတာပါ။

အားကျစရာကောင်းသလို မညီမျှမှုတွေလည်း ရှိပါတယ်။ ဆန်းသစ်တီထွင်နိုင်ပေမဲ့ ကွဲပြားမှုတွေလည်း ရှိနေပါတယ်။ အင်အားကြီးမားပေမဲ့ လုံခြုံမှုမရှိသလို ခံစားရပါတယ်။ လွတ်လပ်ပေမဲ့ လွတ်လပ်ခွင့်ဆိုတာ ဘာလဲဆိုတဲ့အပေါ် အမြဲလိုလို ငြင်းခုံနေရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဆန့်ကျင်ဘက် အဖြစ်အပျက် Paradox  ပါပဲ။

အပိုင်း ၈၊ အမေရိကန် ၂၅၀- အောင်ပွဲခံခြင်းလား (သို့) နိုင်ငံရေး မှန်တချပ်လား

၂၅၀ ပြည့် နှစ်ပတ်လည်ကို တရားဝင်အားဖြင့် ဆီမိုင်း ကွင်းဆင်တန်နီရယ် (Semiquincentennial) လို့ လူသိများပါတယ်။ ဟုတ်ပါတယ်။ ဆီမိုင်းကွင်းဆင်တန်နီရယ်ပါ။ လျှာခလုတ်တိုက်စေတဲ့ စကားလုံးပေါ့။

နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်ပြုဖို့ အမေရိကန်ပြည်ထောင်စု အနှံ့အပြားမှာ ပြပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ သမိုင်းဆိုင်ရာ အစီအစဉ်တွေ၊ မီးရှူးမီးပန်း ပစ်ဖောက်မှုတွေ၊ စီတန်းလှည့်လည်ပွဲတွေနဲ့ အရပ်ဘက် ပရောဂျက်တွေ စတဲ့ အစီအစဉ်တွေကို စီစဉ်ကျင်းပနေကြပါတယ်။ တရားဝင် သတင်းစကားကတော့ စည်းလုံးညီညွတ်ရေး၊ သမိုင်းနဲ့ အမျိုးသားရေး ဂုဏ်ယူမှုတို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ပတ်လည်နေ့ဟာ နိုင်ငံရေးအရ အကဲဆတ်တဲ့ အချိန်အခါမှာလည်း ရောက်ရှိလာတာပါ။ နိုင်ငံဟာ အကြီးအကျယ် သဘောထားကွဲလွဲနေပါတယ်။

သမိုင်းကို ဘယ်လိုသင်ကြားမလဲ၊ ကျွန်စနစ်နဲ့ လူမျိုးရေးခွဲခြားမှုကို ဘယ်လိုအမှတ်ရနေမလဲ၊ လူဝင်မှုကြီးကြပ်ရေးကို ဘယ်လိုနားလည်မလဲ၊ မျိုးချစ်စိတ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ ဒီမိုကရေစီဆိုတာ ဘယ်လိုပုံစံဖြစ်သင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်တွေ သဘောထား မတိုက်ဆိုင်ကြပါဘူး။

တချို့က ၂၅၀ ပြည့် နှစ်ပတ်လည်ကို လွတ်လပ်ခွင့်နဲ့ အမျိုးသားရေး အောင်မြင်မှုတွေအတွက် အောင်ပွဲခံမှုတခုလို့ မြင်ကြပါတယ်။ တချို့ကတော့ ဒါကို နိုင်ငံရဲ့ ကျရှုံးမှုတွေနဲ့ မပြီးဆုံးသေးတဲ့ ကတိကဝတ်တွေကို ရင်ဆိုင်ဖြေရှင်းရမဲ့ အချိန်အခါအဖြစ် မြင်ကြပါတယ်။ လူအများစုအတွက်ကတော့ နှစ်ခုစလုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရေး နှစ်ပတ်လည်နေ့တွေဆိုတာ အတိတ်အကြောင်းချည်းပဲ မဟုတ်လို့ပါ။ ပစ္စုပ္ပန်နဲ့လည်း သက်ဆိုင်ပါတယ်။

နိုင်ငံတနိုင်ငံအနေနဲ့ ဘာကို အမှတ်ရချင်သလဲ၊ ဘာကို မေ့ဖျောက်ထားချင်သလဲ ဆိုတာကို ပြသနေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ၂၅၀ ပြည့် မွေးနေ့ဟာ အထိမ်းအမှတ်ပွဲသက်သက် မဟုတ်ပါဘူး။ မှန်တချပ်လည်း ဖြစ်ပါတယ်။

နိဂုံး

သက်တမ်း ၂၅၀ မှာ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံတွေထဲက တနိုင်ငံအဖြစ် ဆက်ရှိနေပါတယ်။ သူ့ရဲ့ အယူအဆတွေက လူတွေကို ခွန်အားပေးခဲ့ပါတယ်။ သူ့ရဲ့ အာဏာက ကမ္ဘာ့နိုင်ငံရေးကို ပုံဖော်ပေးခဲ့ပါတယ်။ သူ့ရဲ့ ယဉ်ကျေးမှုက နေရာအနှံ့ကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ကွဲလွဲဆန့်ကျင်မှုတွေကလည်း ဘယ်တော့မှ အပြည့်အဝ ပျောက်ကွယ်မသွားခဲ့ပါဘူး။

လွတ်လပ်ရေးကြေညာစာတမ်းကို တန်းတူညီမျှမှုနဲ့ အခွင့်အရေးဆိုင်ရာ ကတိကဝတ်တခုနဲ့ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ကတိကဝတ်တွေဟာ သူ့အလိုလို ပြည့်ဝမလာဘူး ဆိုတာကို အမေရိကန်ရဲ့ သမိုင်းက ပြသနေပါတယ်။ အဲဒီအခွင့်အရေးတွေကနေ ဖယ်ရှားခံခဲ့ရတဲ့ လူတွေဟာ ငြင်းခုံရမယ်၊ ချဲ့ထွင်ရမယ်၊ ကာကွယ်ရမယ်၊ တခါတလေမှာ လက်တွေ့ဖြစ်လာအောင် အတင်းအကျပ် လုပ်ယူခဲ့ရပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုဟာ နှစ် ၂၅၀ ပြည့်ကို ကျင်းပနေချိန်မှာ အကြီးမားဆုံး မေးခွန်းက ၁၇၇၆ ခုနှစ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မဟုတ်နိုင်ပါဘူး။ နောက်ထပ် ဘာဆက်ဖြစ်မလဲ ဆိုတာပဲ ဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံဟာ အစပြုချိန်က ရေးသားခဲ့တဲ့ ကတိကဝတ်အတိုင်း ဆက်လက်ရပ်တည်နိုင်ပါ့မလား။

ဘာပဲပြောပြော ဟက်ပီးဘာသ်ဒေးပါ အမေရိကရေ။ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့်နဲ့ တိုက်ပွဲတွေ အတွက် မီးရှူးတန်ဆောင်အဖြစ် ဆက်ရှင်သန်နေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

စိုင်းခေတ်နွေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013