
မြန်မာပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် ပြည်သူတွေရဲ့ ကျပ်တည်းမှုတွေနဲ့အတူ မြို့ပြတွေမှာ ရှိနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း စားဝတ်နေရေး အခက်အခဲ တွေ ရင်ဆိုင်နေကြရပါတယ်။
၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးက ၅ နှစ်ကျော်ကြာတဲ့ အချိန်ကာလတခုကို ရောက်လာချိန်မှာတော့ ပြည်သူတွေရဲ့ အထွေထွေအကျပ်အတည်းတွေကလည်း ပိုဆိုးလာခဲ့ပြီး လူထုထောက်ခံမှုနဲ့ ရပ်တည်လှုပ်ရှားနေကြတဲ့ မြို့ပြက တော်လှန်ရေးလူထုလှုပ်ရှားမှု သပိတ်အင်အားစုတွေမှာလည်း အခက်အခဲတွေ ရင်ဆိုင်လာကြရပါတယ်။
ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းမှ ကိုရေဘဝဲက “နွေဦးတော်လှန်ရေး ၅ နှစ်နီးပါးဆိုတဲ့ အချိန်တခုကို ရွေ့လာတဲ့အခါမှာ မြို့ပြမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ စားဝတ်နေရေးပဲ ဖြစ်ပါတယ်။ မြို့ပြမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော်တဦးရဲ့ အခြေခံပျမ်းမျှ အသုံးစရိတ်ဟာ တလကို ၁၀ သိန်းနဲ့ အထက်မှာ ရှိပါတယ်။ ဒါ ကျနော် အနည်းဆုံး အနေအထားကို ပြောတာပါ။ ရေဘဝဲမှ မဟုတ်ဘူးပေါ့နော်၊ မြို့ပြမှာရှိနေတဲ့ ရဲဘော်တွေရဲ့ အကြီးမားဆုံး စိန်ခေါ်မှုလို့ပဲ ကျနော် ရှုမြင်ပါတယ်။ နှစ်တွေ တဖြည်းဖြည်းနဲ့ အချိန်ယူလာတဲ့ အပိုင်းရယ်၊ နောက်တခုက စစ်တပ်ရဲ့ ဖိနှိပ်မှု၊ ပိတ်ဆို့မှုတွေ၊ အကြမ်းဖက်မှုတွေ အပိုင်းရယ်၊ အဲဒါကနေပြီးတော့မှ ထွက်လာတဲ့ Effect ဖြစ်တဲ့ ကုန်ဈေးနှုန်းတွေ အပိုင်းမှာ တဖြည်းဖြည်းနဲ့ လျော့လာတာပေါ့နော်” လို့ ပြောပါတယ်။
မြို့ပြသပိတ်အင်အားစုတွေက ရဲဘော်တွေ အများစုဟာ နိုင်ငံရေးပုဒ်မတွေ ကပ်ကာ ဖမ်းဝရမ်းတွေ ထုတ်ထားတာကြောင့် ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်လို့မရအောင် ပြောင်းရွှေ့ပုန်းကွယ် မြို့ပြမှာ ဆက်လက် နေထိုင်နေကြတာ ဖြစ်ပါတယ်။
လုံခြုံရေးအခြေအနေတွေကြောင့်လည်း တနေရာကနေ တနေရာကို အကြိမ်ကြိမ် ပြောင်းရွှေ့ နေရတာကြောင့် အလုပ်တခုနဲ့ရပ်တည်ဖို့ မဖြစ်နိုင်ဘဲ ဝင်ငွေရနိုင်မဲ့ ကိုယ်ပိုင်အလုပ်တွေနဲ့သာ ဝမ်းရေးအတွက် ရုန်းကန်နေရကြောင်း ကိုရေဘဝဲက ဖြည့်ပြောပါတယ်။
Yangon 4 Brothers အဖွဲ့မှ Gan Dh Mar က “ရဲဘော်တွေအနေနဲ့ရော အဖွဲ့အစည်းတွေ အနေနဲ့ရောပေါ့နော် ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အခက်အခဲ ဆိုလို့ရှိရင်တော့ ပထမဦးစားပေးက တော့ လုံခြုံရေးပေါ့နော်၊ ဒုတိယကကျတော့ ကျနော်တို့ ကုန်ဈေးနှုန်းမြင့်မားမှုနဲ့ ကုန်ကျစရိတ်တွေ ပိုမို ပိုပြီးတော့ မြင့်တက်လာတာပေါ့နော်။ အဖွဲ့တွေတိုင်းမှာ ပံ့ပိုးမှု အားနည်းလာတာတွေကတော့ အကြီးမားဆုံး စိန်ခေါ်မှုတွေပဲလို့ ပြောရမှာပေါ့။ ကျနော်တို့အနေနဲ့ကကျတော့ ဘယ်လိုမျိုး အခက်အခဲတွေ ရှိနေပါစေပေါ့နော်။ ကျနော်တို့ ဒီ မြို့ပြကနေပြီးတော့ လုံးဝ စွန့်ခွာသွားမှာ မဟုတ်ဘူး။ ကျနော်တို့ အဆင်မပြေ ပြေရာနဲ့ ကြံ့ကြံ့ခံပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ လှုပ်ရှားမှု တွေ အကုန်လုံးကိုပေါ့နော် နည်းနာပေါင်းစုံနဲ့ ပိုပြီးတော့ ဟို အဆင့်မြင့်မြင့်အနေနဲ့ ထပ်ပြီးတော့ လုပ်ဆောင်သွားဖို့ပဲ ရှိမှာပါဗျ” လို့ ပြောပါတယ်။
မြို့ပြတော်လှန်ရေးအင်အားစုတွေအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း ပိုမိုပြင်းထန်တဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး လှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်ဖို့အတွက် စားဝတ်နေရေး၊ နည်းပညာနဲ့ တခြား လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်လက်လိုအပ်နေတယ်လို့လည်း ကိုရေဘဝဲ က ဆက်ပြောပါတယ်။
“နိုင်ငံရေး အန်တုလှုပ်ရှားမှု လုပ်နေတဲ့ အဖွဲ့အစည်းတွေဟာ ပိုပြီးတော့ ကျပ်တည်းမှုတွေဒဏ်ကို ၂၀၂၅ မှာတည်းက စပြီးတော့ ခံနေရတာပေါ့နော်။ ၂၀၂၆ ဆိုတဲ့ အချိန်မှာ ကျနော်တို့ တော်တော်လေး ကို ဆိုးရွားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ ကျနော် အပေါ်မှာ ပြောခဲ့သလိုပေါ့၊ စားဝတ်နေရေးဆိုတဲ့ အပိုင်းပေါ့။ လက်ရှိ မြို့ပြမှာ ရှိနေဆဲ၊ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်သလိုပေါ့နော်။ နည်းပညာ အထောက်အပံ့သော်လည်းကောင်း၊ စားဝတ်နေရေး အထောက်အပံ့သော်လည်းကောင်း၊ အသီးသီး အထောက်အပံ့တွေ အများကြီး လိုအပ်လှပါတယ်။ အသက်ရှူချောင်နိုင်မှာ ဖြစ်ပြီးတော့ မြို့ပြမှာရှိနေတဲ့ လှုပ်ရှားမှုတွေဟာလည်း ဆက်လက်ပြီးတော့ ရွေ့လျားနေနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ။”
တော်လှန်ရေးကာလ ၅ နှစ်ကျော်အတွင်း မြို့ပြအင်အားစုတွေဟာ လုံခြုံရေးအန္တရာယ်၊ စီးပွားရေး ကျပ်တည်းမှုနဲ့ ထောက်ပံ့မှုလျော့နည်းလာတဲ့ စိန်ခေါ်မှုတွေကို တပြိုင်နက် ရင်ဆိုင်နေရပေမဲ့ မြို့ပြတော်လှန်ရေးလှုပ်ရှားမှုတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ အင်အားစုတွေက ပြောပါတယ်။
ဒါ့အပြင် မြို့ပြက စစ်တပ်ထောက်တိုင်တွေကို သတင်းပေးပြီး ရဲဘော်တွေ ဘေးကင်း လုံခြုံရေးအတွက် ကူညီထောက်ပံ့လို့ရကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဝေဝေ










