
အဆက်မပြတ် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့ အခြေခံလူတန်းစားတွေဟာ တပြည်ကို ၂,၅၀၀ စျေးရှိတဲ့ ဆန်ကွဲဆန်ကိုပဲ ဝယ်စားနေရတယ်လို့ ဆန်ရောင်းချသူတွေဆီက သိရပါတယ်။
ပြည်တွင်းမှာ ဆန်တပြည်ကို ၂,၅၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်အထိ ဈေးရှိပြီး လက်လုပ်လက်စားနဲ့ လခစားအလုပ်သမားတွေဟာ ဝမ်းဝရေးအတွက် ၂,၅၀၀ တန် ဆန်ကွဲဆန်ကို အဓိကထား ဝယ်စားကြတယ်လို့ ဆန်ရောင်းချသူတယောက်က DVB ကိုပြောပါတယ်။
“တပြည်ကို ၂,၅၀၀ ဆန်က အရင်က ကြက်စာသမားတွေ ဝယ်တာများတယ်။ အခု အဲဆန်ကို လူတွေ စားနေရတယ်။ အများစုက ၂,၅၀၀ နဲ့ ၄,၀၀၀ တန် ဆန်တွေ ဝယ်တာများတယ်။ အဲဒီဆန်တွေ အောက်စော်နံတယ်၊ ပိုးတွေပါတယ်။ အခြားဆန်တွေက ၈,၀၀၀၊ ၁၀,၀၀၀ ဆိုတော့ မိသားစုများတဲ့အိမ်ကျတော့ မကိုက်ဘူး” လို့ ပြောပါတယ်။
ပြည်တွင်းမှာ နေ့စားအလုပ်သမားတယောက်ရဲ့ တရက်စာလုပ်ခဟာ ပျမ်းမျှ ၂၃,၀၀၀ လောက်ဖြစ်ပြီး လမ်းစရိတ်နုတ်ရင် ၂၀,၀၀၀ ပဲကျန်လို့ ရေရှည်ကိုတွက်ပြီး ၂,၅၀၀ နဲ့ ၄,၀၀၀ တန် ဆန်ကို ဝယ်စားရတယ်လို့ နေ့စားအလုပ်သမားတယောက် DVB ကိုပြောပါတယ်။
“ပန်းရန်လူကြမ်းတယောက်ကို ၂၃,၀၀၀ နဲ့ ၂၄,၀၀၀ ပဲရတယ်။ လမ်းစရိတ်နုတ်လိုက်ရင် ၂၀,၀၀၀ ကျန်တယ်။ ၈,၀၀၀ တန် ဝယ်စားလိုက်ရင် ဟင်းစားနဲ့ဆို ၂၀,၀၀၀ ကုန်ပြီ။ အလုပ်က ဒီနေ့ရှိပေမဲ့ နောက်ရက် ရှိချင်မှရှိတာလေ။ ၂,၅၀၀ ဆန်ဆို ၄ ပြည်လောက် ဝယ်ထားလိုက်ရင် အလုပ်ပျက်သွားရင်တောင် နောက်ရက် စားလို့ရတာပေါ့။ ကောင်းတာ မကောင်းတာထက် ဝမ်းဝဖို့ပဲ စားရတာ။”
ဆန်ကုန်သည်အသင်းက ဧည့်မထဆန်တပြည်ကို ၂,၅၀၀ နှုန်းနဲ့ မြို့နယ်အလိုက် ရောင်းချပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ မရောင်းပေးတော့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အပါအဝင် စားသောက်ကုန်တွေ အဆမတန် ဈေးတက်လာတာဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်သလို ကြီးမားတဲ့ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတယောက်က DVB ကိုပြောပါတယ်။
“အစက ကြက်သွန်လှီးရင်း မျက်ရည်ကျတာ။ အခု ကြက်သွန်ဝယ်ရင်း မျက်ရည်ကျတဲ့ခေတ် ရောက်သွားပြီ။ ဈေးတခါသွားရင် အနည်းဆုံး ၂ သောင်းပါမှ သွားလို့ရတယ်။ အစစအရာရာ ဈေးတက်နေတော့ မနက်စာနဲ့ညစာ ပေါင်းစားရတဲ့သူတွေရှိတယ်။ ဒါတွေက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ နိုင်ငံက အပျက်ဘက်ကို ဦးတည်နေတာ။”
ဆန်ကုန်သည်တယောက်ကလည်း အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မိုးဇီယာဆန် တအိတ်ကို ၁၈,၀၀၀၊ ရက် ၉၀ ဆန်တအိတ်ကို ၂၁,၀၀၀၊ ပေါ်ဆန်းမွှေးကျားပျံ ၄၂,၀၀၀ ပဲရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ဆန် ၂ ပြည်စျေးဟာ အရင်က တအိတ်ဈေးနဲ့ညီမျှတယ်လို့ ပြောပါတယ်။
“အမေစုလက်ထက်က ဆန် ၁ အိတ်ဈေးက လက်ရှိ ပေါ်ဆန်းမွှေး ၁ ပြည်ဈေးနဲ့ညီမျှတယ်။ အခု ပေါ်ဆန်မွှေး တပြည် ၁၃,၀၀၀၊ ၂၀၂၀ တုန်းက မိုးဇီယာ ၁ အိတ်မှ ၁၁,၈၀၀ ပဲရှိတာ။”
၂၀၂၆ ခုနှစ်၊ သြဂုတ်လကစပြီး တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို အခြေခံလူတန်းစားတွေနဲ့ လခစားဝန်ထမ်းတွေ အလူးအလဲခံနေရတာ ဖြစ်ပါတယ်။










