မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံမှာ လတ်တလော ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို ပြင်းထန်စွာ ဆက်တိုက်နှိမ်နင်းနေတာမှာ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မဲခေါင်မြစ်ဝှမ်း ရွှေတြိဂံဒေသမှာ ကျားဖြန့်လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသား ၁၄၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်နဲ့ ထိုင်းဘက်ခြမ်း ကျိန်းဆဲန်မြို့နယ် မျက်နှာချင်းဆိုင်ရှိ လာအိုနိုင်ငံ ဝေါ်ကယောက်ခရိုင် တွန့်ဖိန့်မြို့နယ် မုံ့ခမ်းရွာရှိ အဆောက်အအုံကြီးတခုကို လာအိုနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဇွန် ၁၁ ရက်က ဝင်ရောက်စီးနင်းခဲ့တာပါ။
အဆိုပါ အဆောက်အအုံမှာ သွပ်တွေနဲ့ကာရံထားတဲ့ ဟောခန်းမကြီးတခု ဖြစ်တယ်။ အထဲမှာ အလုပ်စားပွဲရှည်ကြီးတွေ၊ ထိုင်ခုံတွေချထားပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းသုံး ကွန်ပျူတာတွေ၊ အင်တာနက်လိုင်းနဲ့ ဆက်စပ်ကိရိယာတွေကို သက်သေအဖြစ် သိမ်းဆည်းရမိပါတယ်။
လာအိုရဲတပ်ဖွဲ့က အဲဒီနေရာက လူတွေကို ကိုယ်ရေးရာဇဝင်တွေ စစ်ဆေးမေးမြန်းလျက်ရှိတယ်။ အသေးစိတ်အချက်အလက်တွေကို ဝေါ်ကယောက်ခရိုင်ရဲတပ်ဖွဲ့က ထပ်မံသတင်းစာ ရှင်းလင်းမယ်လို့ ဝေါ်ကယောက်ရဲတပ်ဖွဲ့ လူမှုကွန်ရက်ကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
Source: MGROnline










