
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ ဝါရီဆူးပလိုင်ကျေးရွာမှာ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်က စစ်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဝါရီစူးပလိုင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဒေါ်မူပိုင့် ဖြစ်ပြီး နေအိမ်မှာ ထင်းပြန်သယ်ရင်းကနေ လက်နက်ကြီး ထိမှန် သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “မနေ့က ညနေမှာ ထိသွားတာပေါ့နော်၊ ခေါင်းထိသွားတာ၊ လက်နက်ကြီးပေါ့”လို့ ပြောပါတယ်။
မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဒရုန်းနဲ့ ကင်းထောက်ပျံဝဲမှုတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်နေတဲ့အတွက် စစ်ရေးအခြေအနေကြောင့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ ခေါင်းစံလမ်းနဲ့ သွားလာခွင့်ပိတ်ထားတဲ့ လမ်းကြောင်းအားလုံးကို လုံခြုံရေးအရ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။











