DVB Logo
Home
Lead Story
အန္တရာယ်နဲ့ အကျိုးအမြတ် လဲလှယ်မဲ့ မြစ်ဆုံဆည် ရင်တမမ ကပ်ဘေး
DVB
·
August 17, 2026
အန္တရာယ်နဲ့ အကျိုးအမြတ် လဲလှယ်မဲ့ မြစ်ဆုံဆည် ရင်တမမ ကပ်ဘေး
Donate to DVB

၂၀၀၉ မှာစပြီး ၂၀၁၁ မှာ ပြည်သူတွေ ကန့်ကွက်လို့ ခဏရပ်ထားတဲ့ ကချင်ပြည်နယ်က “မြစ်ဆုံစီမံကိန်း” ဟာ အခု ၂၀၂၄-၂၀၂၆ ထဲမှာ ပြန်စဖို့ တကျော့ပြန် ရေပန်းစားလာပါတယ်။

၆,၀၀၀ မဂ္ဂါဝပ် (MW)ထွက်မဲ့ ဒီစီမံကိန်းဟာ မြန်မာပြည်အတွက် လျှပ်စစ်မီး ဖူလုံဖို့အတွက် ဖြစ်လာမလား၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေကိုပါ ဖျက်ဆီးပစ်မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

၂၀၂၆ ခုနှစ် ဇွန်လကုန်ပိုင်းက သတင်းတွေအရဆိုရင် စစ်အာဏာရှင်ခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုယ်တိုင် တရုတ်ခရီးစဉ်ကအပြန်မှာ ဒေသခံတွေကို မြစ်ဆုံဆည်စီမံကိန်းကို ၈ နှစ်ခွဲအတွင်း အပြီးတည်ဆောက်တော့မယ်၊ သဘာဝဘေးအန္တရာယ် ပူစရာမလိုဘူးဆိုပြီး ပြောထားတာ ရှိပါတယ်။

ဒီပြောဆိုချက်အပေါ် ဘာအာမခံချက်မှမရှိလို့ လက်မခံနိုင်တဲ့အကြောင်း ဒေသခံတွေနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) က တုံ့ပြန်ထားပါတယ်။ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က “ပြည်သူတွေကို သဘာဝမကျတဲ့ မျှော်လင့်ချက်တွေပေးပြီး လုပ်ဆောင်နေတာကို လက်မခံနိုင်ဘူး၊ ပြည်သူ့သဘောတူညီချက် မပါရင် လုပ်လို့မရဘူး” လို့ သတင်းဌာနတချို့မှာ ပြောဆိုထားပါတယ်။

ဒီစီမံကိန်းရဲ့ အန္တရာယ်တွေကို သိနိုင်ဖို့ ကမ္ဘာမှာ ဆည်အများဆုံးဆောက်ပြီး ဆည်ပြိုမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ သမိုင်းသင်ခန်းစာတွေနဲ့ နှိုင်းယှဉ်ပြီး အချက်တချို့ကို ဆွဲထုတ်ကြည့်ချင်ပါတယ်။

တရုတ်ပြည်တွင်းက သေမင်းတမန် ဆည်ကြီး‌တွေရဲ့ သမိုင်းသင်ခန်းစာတွေကိုကြည့်ရင် တရုတ်နိုင်ငံဟာ ဆည်ကြီးတွေကြောင့် ကြီးပွားခဲ့သလို၊ ဆည်ကျိုးလို့ လူပေါင်းသိန်းချီ သေဆုံးခဲ့ရတဲ့ ဆိုးရွားတဲ့ သမိုင်းတွေလည်း ရှိခဲ့ပါတယ်။

၁၉၇၅ ဘန်ချောင်ဆည် (Banqiao Dam) ဟာ ဆည်ပြိုမှုရှိခဲ့ပါတယ်။ အင်ဂျင်နီယာတွေက “နှစ် ၁.၀၀၀ အတွင်း ဖြစ်မဲ့မုန်တိုင်းဒဏ် ခံနိုင်တယ်” လို့ ကြွေးကြော်ခဲ့ပေမဲ့ တိုင်ဖုန်းမုန်တိုင်းနီနာကြောင့် ဆည်ငယ် ၆၀ ကျော်ပါ ကွင်းဆက်လိုက် ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ရေတံတိုင်းကြီးက မြို့ရွာတွေကို တိုက်ချသွားလို့ နောက်ဆက်တွဲ ရောဂါနဲ့ ငတ်မွတ်မှု အပါအဝင် လူပေါင်း ၂၃၀,၀၀၀ လောက် သေဆုံးပြီး ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတဲ့မှတ်တမ်းတွေလည်း ရှိနေပါတယ်။

ထိုနည်းတူပဲ ဆန်းရှာဆည်ကြီး (Three Gorges Dam)ဟာလည်း တရုတ်နိုင်ငံ ဟူပေးပြည်နယ်၊ ရိချန်းမြို့အနီးမှာရှိတဲ့ ယူနန်-ကြံစိမ်းမြစ် (ယန်စီမြစ်) ပေါ်မှာ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဆည်ကြီး ဖြစ်ပါတယ်။

ရေတန်ချိန် ဘီလီယံချီတဲ့ ဖိအားကြောင့် မြေပြိုမှုတွေဖြစ်ပြီး ငလျင်‌ငယ်တွေလည်း မကြာခဏ လှုပ်ခတ်လာပါတယ်။

လူဦးရေ ၁ ဒသမ ၄ သန်းနီးပါးကို နေရပ်ကနေ အတင်းပြောင်းခိုင်းခဲ့ရပါတယ်။ ယန်ဇီမြစ်ထဲက လင်းပိုင်နဲ့ ငါးမန်းကြီးတွေလည်း ပြောက်ကွယ်သွားရတာတွေရှိသလို၊ အနည်တွေ ပိတ်မိလို့ အောက်ပိုင်းက စိုက်ပျိုးရေးမြေတွေ ပျက်စီးခဲ့ရပါတယ်။

ရေကြီးပြီးနောက်ပိုင်း ရက်သတ္တပတ်တွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ အစာရေစာငတ်မွတ်မှု၊ သောက်ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားတဲ့ ဝမ်းရောဂါနဲ့ ကူးစက်ရောဂါတွေကြောင့် လူပေါင်းများစွာ ထပ်မံသေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

ထို့အတူ ဆန်းမန်ရှာဆည် (Sanmenxia Dam) ဟာလည်း တရုတ်နိုင်ငံရဲ့ ဒုတိယအရှည်ဆုံးမြစ်ဖြစ်တဲ့ မြစ်ဝါမြစ်ပေါ်မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ရေဘက်စုံသုံး ဆည်ကြီးဖြစ်ပြီး အလျင်စလို ဆောက်ခဲ့တာကြောင့် နည်းပညာအရ ရှုံးနိမ့်ခဲ့ပါတယ်။

မြစ်ဝါမြစ်ရဲ့ သဲနဲ့ အနည်တွေကို လျှော့တွက်ခဲ့လို့ ဆည်တခုလုံး သဲတွေ ပိတ်သွားပြီး အထက်ပိုင်းမှာ ရေနောက်ပြန်လျှံကာ စိုက်ပျိုးမြေတွေ ပျက်စီးကုန်ပါတယ်။ လယ်သမားတွေလည်း နှစ်ရှည်လများ ဒုက္ခရောက်ခဲ့ရပါသေးတယ်။

တကယ်လို့ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ပေါ်လာရင် တရုတ်ပြည်က ဘန်ချောင်ဆည်ထက်ပင် ပိုမိုဆိုးရွားတဲ့ ကပ်ဘေးတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အကြောင်း သုံးသပ်သူတွေ ရှိပါတယ်။

ဘန်ချောင်ဆည်က မုန်တိုင်းကြောင့် ပျက်စီးတာပါ။ ဒါပေမဲ့ မြန်မာ့မြစ်ဆုံဒေသကတော့ ကြောက်စရာကောင်းတဲ့ စစ်ကိုင်းငလျင်ကြောကြီးရဲ့ မြောက်ဘက်အဖျားနဲ့ ကပ်နေပါတယ်။

တကယ်လို့များ  အင်အားပြင်းငလျင်ကြောင့် စင်ကာပူနိုင်ငံနီးပါး ကျယ်တဲ့ မြစ်ဆုံရေလှောင်ကန်ကြီး ကျိုးပျက်သွားရင် မိနစ်ပိုင်းအတွင်း မြစ်ကြီးနားမြို့ကြီး ဝါးမျိုခံရမှာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ဗန်းမော်၊ ကသာ၊ မန္တလေး စတဲ့ ဧရာဝတီမြစ်ရိုးတလျှောက်က မြို့ကြီးပြကြီးတွေပါ ပျက်စီးသွားနိုင်ပါတယ်လို့ ဆိုကြပါတယ်။

မြစ်ဆုံဆည်ကြောင့် ကချင်ရိုးရာ ယဉ်ကျေးမှုနယ်မြေတွေနဲ့ မိုးသစ်တော စတုရန်းမိုင်ပေါင်း ရာချီ ရေအောက်ရောက်သွားနိုင်ပါတယ်။

ဒေသခံ သောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်မဲ့အပြင်၊ မြန်မာ့စပါးကျီဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဆီ နုန်းမြေအသစ်တွေ မရောက်တော့လို့ စိုက်ပျိုးရေး ပျက်စီးသွားနိုင်တဲ့အကြောင်းတွေလည်း ရှိနေပြန်ပါတယ်။

ဒါ့အပြင် မြစ်ရေနည်းသွားရင် ပင်လယ်ရေငန်တွေ မြစ်ထဲ တိုးဝင်လာပြီး လယ်ယာမြေတွေကို ဖျက်ဆီးပစ်ဦးမှာပါ။

ဒီစီမံကိန်းရဲ့ အကြီးဆုံး ပြဿနာက “မြန်မာက အန္တရာယ်ယူ၊ တရုတ်က အကျိုးအမြတ်ယူ” နေတာလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

တရုတ်ငွေ၊ တရုတ်နည်းပညာနဲ့ တည်ဆောက်ပြီး ထွက်လာမဲ့လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ဘက် ပြန်ပို့ဖို့ မူလက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဆိုလိုတာက သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ငလျင်အန္တရာယ်နဲ့ ဆည်ပြိုရင် လူသန်းချီ သေနိုင်မဲ့ စွန့်စားရမှု အားလုံးကို မြန်မာပြည်သူတွေက ခံရပြီး၊ တရုတ်နိုင်ငံကတော့ လျှပ်စစ်စွမ်းအင် (Benefit) ကို အေးဆေးရယူမဲ့ မျှတမှုမရှိတဲ့ စီမံကိန်းကြီး ဖြစ်နေပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ဆည်တမံကြီးတွေအကြောင်း ပြောမယ်ဆိုရင် ကောင်းကွက်ရော၊ ဆိုးကွက်ရော ဒွန်တွဲနေတာကို တွေ့ရမှာပါ။

World Commission on Dams က ၂၀၀၀ ပြည့်နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင်တော့ ဆည်တွေဟာ လူသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ်ပဲ အရေးပါတဲ့ အခန်းကဏ္ဍကနေ အများကြီး ပံ့ပိုးပေးခဲ့တာ မှန်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ဖြစ်ရပ် တော်တော်များများမှာ လူထုအနေနဲ့ လက်မခံနိုင်လောက်အောင် မလိုအပ်ဘဲ ပေးဆပ်ခဲ့ရတဲ့ ဆိုးကျိုးတွေ၊ ရိုက်ခတ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။

အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေကြည့်ရင် International Rivers အဖွဲ့က ထုတ်ပြန်ထားသလို "ဖျက်ဆီးမှုတွေ ဖြစ်စေတဲ့ ဆည်တမံတွေကနေ ထွက်လာမဲ့ လျှပ်စစ်ဓာတ်အားထက်စာရင်၊ သဘာဝအတိုင်း စီးဆင်းနေတဲ့ ကျန်းမာသန့်ရှင်းတဲ့ မြစ်ချောင်းတွေက လူသားတွေနဲ့ ဂေဟစနစ်အတွက် ပိုပြီးတော့တောင် တန်ဖိုးဖြတ်မရနိုင်အောင် အရေးကြီးပါတယ်" ဆိုတာ ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်လာပါတယ်။

ဒါကြောင့်မို့လို့ ရေရှည်တည်တံ့မဲ့ အနာဂတ်အတွက် စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ နည်းလမ်းတွေကို ပိုပြီး အာရုံစိုက်လာကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ စွမ်းအင်လုံခြုံမှုကို တကယ်တမ်း စိတ်ချလက်ချရရှိစေမဲ့ တခုတည်းသော လမ်းကြောင်းဟာ "ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)" ကို ဖော်ဆောင်ခြင်းပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီအမြင်တွေကို ကြည့်ခြင်းအားဖြင့် စွမ်းအင်ထုတ်လုပ်ဖို့ ဆည်တွေဆောက်တဲ့အခါ ရရှိမဲ့ အကျိုးအမြတ်တင်မကဘဲ၊ မြစ်ချောင်းတွေရဲ့ ရှင်သန်မှုနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွေကိုပါ ဘက်စုံကနေ ချိန်ဆဖို့ လိုအပ်နေပြီဆိုတာ သိသာစေပါတယ်။

တရုတ်ပြည်ရဲ့ သမိုင်းသင်ခန်းစာတွေအရ သဘာဝတရားကို လွန်ဆန်ပြီးဆောက်တဲ့ ဆည်ကြီးတွေဟာ ဘယ်လောက်ခိုင်ခန့်တယ်ပြောပြော တနေ့မှာ လူတွေ မခန့်မှန်းနိုင်တဲ့ ကပ်ဘေးကြီးကို ယူဆောင်လာတတ်တဲ့ သင်ခန်းစာ‌တွေရှိနေပါတယ်။

“မြစ်ဆုံရေကာတာဟာ မီးတကယ်လင်းမှာလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့။ မီးလင်းနိုင်ပေမဲ့ မြန်မာပြည်အတွက် လင်းဖို့ မသေချာသလို၊ တကယ်လို့ လင်းလာခဲ့ရင်လည်း ဧရာဝတီမြစ်ကြီးရဲ့ အသက်နဲ့ ပြည်သူတွေရဲ့ လူမှုဘဝတွေ ပျက်စီးခြင်း၊ ဆည်ပြိုကျမဲ့ ထိတ်လန့်ခြင်း ဆိုတာတွေနဲ့ လဲလှယ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို အကြောင်းပြပြီး အန္တရာယ်များလှတဲ့ မြစ်ဆုံကို ပြန်စမဲ့အစား၊ ပတ်ဝန်းကျင်လည်း မပျက်စီး၊ ပြည်သူလည်း ဘေးကင်းမဲ့ နေရောင်ခြည်နဲ့ လေစွမ်းအင်လို ခေတ်သစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပြောင်းလဲအသုံးပြုဖို့ မှတ်ချက်ပေးကြသူတွေလည်း ရှိပါတယ်။

ဧရာဝတီမြစ်ကြီးကို ကပ်ဘေးရဲ့ သားကောင်အဖြစ်နဲ့ တခြားနိုင်ငံအတွက် လျှပ်စစ်မီး လင်းစေမဲ့ လောင်းကြေးထပ်မှုကို ရပ်တန့်ပြီး၊ သဘာဝအရင်းအမြစ်ကို ကာကွယ်ခြင်းကသာ မြန်မာပြည်ကို ရေရှည်တည်တံ့စွာ မီးလင်းစေမဲ့အချက် ဖြစ်ပါတယ်။       ။

တာပလု

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013