DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာလူမျိုး မရှိကြောင်း အစိုးရက တရားဝင်ကြေညာရန် မဘသ တိုက်တွန်း
DVB
·
June 6, 2016
ရိုဟင်ဂျာလူမျိုး မရှိကြောင်း အစိုးရက တရားဝင်ကြေညာရန် မဘသ တိုက်တွန်း
Donate to DVB

နိုင်ငံတော်အစိုးရအနေနဲ့ ရိုဟင်ဂျာလူမျိုးမရှိကြောင်း တရားဝင် ထုတ်ပြန်ကြေညာဖို့နဲ့ ၁၉၈၂ ခု နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့က တောင်းဆိုပါတယ်။

မနေ့က ရန်ကုန်မြို့ အင်းစိန်၊ အောင်ဆန်းတောရကျောင်းတိုက်မှာ ကျင်းပပြီးစီးသွားတဲ့ မဘသ ဗဟိုအဖွဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည် ညီလာခံအပြီး ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး  နိုင်ငံသားအများစု ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကို အထူးစောင့်ရှောက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မဘသအဖွဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသကတော့ အစိုးရပြုတ်ဖို့ တိုက်တာမဟုတ်ဘဲ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးအတွက် တတတ်တအား ၀င်ရောက်လုပ်ဆောင်တာဖြစ်တယ်လို့ ညီလာခံမှာ မိန့်ကြားပါတယ်။

”အဲဒီ ၈၂ ဥပဒေကို ဖျက်အောင်လုပ်မယ်ဆိုရင်တော့ တပည့်တော်တို့က ကြားကနေပြီးတော့ ရတဲ့နည်းနဲ့ ကာကွယ်ရမှာပဲ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ တဆင့်တက်လာတာ အခု ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိတဲ့ အတုကို ရှိအောင်လုပ်မနေဘူးလား။ ဖန်တီးနေတယ်၊ ဒါတွေကိုလည်း ကာကွယ်ဖို့ မလိုအပ်ဘူးလား၊ ဒါ အဓိက အရေးကြီးဆုံးအချက်။ နောက် အမျိုးစောင့်ဥပဒေဆိုတာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အထူးသဖြင့် ကိုယ့်နိုင်ငံက အမျိုးသမီးတွေ ဘာသာခြား လူမျိုးခြား စော်ကားတာကို ခံခဲ့ရပေါင်း များလှပြီ။ ဒီမျိုးစောင့်ဥပဒေဆိုတာလည်း တကယ့်ကို နိုင်ငံအတွက် လုပ်ပေးနေတာနော်။”

မျိုးစောင့်ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ၄ ခုကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

“ဒီအမျိုးစောင့်ဥပဒေ ထိလာရင်တော့ တပည့်တော်တို့ တတ်နိုင်သလောက် ရတဲ့နည်းနဲ့ ကာကွယ်ရမှာပဲ” လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဘဂါင်္လီ (သို့) ရိုဟင်ဂျာကိစ္စဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာကစလို့ ငြင်းခုံနေဆဲ ဝေါဟာရ ဖြစ်ပါတယ်။

ကုလသမဂ္ဂ၊ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေက ရိုဟင်ဂျာလို့ သုံးနှုန်းပြီး မြန်မာအစိုးရက ဘဂါင်္လီလို့ သုံးနှုန်းနေတာပါ။

လတ်တလောမှာတော့ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးအတွက် အစိုးရ တဖွဲ့လုံးနီးပါး ပါဝင်တဲ့ ဗဟိုကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စတင်ဆောင်ရွက်နေပါတယ်။

ကော်မတီလုပ်ငန်းထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်မယ့် လုပ်ငန်းကော်မတီလည်း ပါဝင်ပြီး လုပ်ငန်းစတင်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်း ကွင်းဆင်းလေ့လာကြပါတယ်။

ရွှေဝါရောင်သံဃာ့ကွန်ရက် ဆရာတော် ဦးဇ၀နကတော့ ဒီအချိန်မှာ ထိလွယ်ရှလွယ် စကားလုံးဖြစ်တဲ့ ရိုဟင်ဂျာကိစ္စကို မပြောသင့်သလို နိုင်ငံရေးကို မစွက်သင့်ဘူးလို့ မိန့်ပါတယ်။

“ရိုဟင်ဂျာကိစ္စ ဦးပဉ္စင်း သဘောထားကတော့ အခု လက်ရှိအချိန်မှာ အခုအစိုးရသစ် လက်ရှိအချိန်မှာ ဘာလုပ်ရမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ နာမည်တခုကိစ္စနဲ့ ပြဿနာကြီးကြီးမားမား မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထက် အရေးကြီးတဲ့ကိစ္စတွေ သူတို့အစိုးရက လုပ်နေရတဲ့အတွက် ဒီအချိန်မှာ အဲဒါတွေဟာ မပြောသင့်ဘူးလို့ ဦးဇင်းကတော့ ထင်တယ်။

“အခုသုံးနှုန်းနေတဲ့၊ ပြောဆိုနေတဲ့ တောင်းဆိုချက်တွေဟာ နိုင်ငံရေးတွေ ဖြစ်နေပါတယ်။ နိုင်ငံရေးတွေဖြစ်နေတော့ သူတို့ကိုယ်နှိုက်က ပြောထားတာ နိုင်ငံရေးကို ၀င်မစွက်ဖက်ရဘူး ဆရာတော်ကြီး ပြောသလိုပေါ့၊ ကိုယ့်စည်းနဲ့ ကိုယ်နေပါ၊ စည်းမကျော်နဲ့ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ အခုက ဦးဇင်းအမြင်ပေါ့လေ စည်းကျော်နေတယ်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တယ်ဆိုရင် အမျိုးဘာသာ သာသနာကိုပဲ စောင့်ရှောက်ပါ။ နိုင်ငံရေးနဲ့ ပတ်သက်တာကို ၀င်မစွက်ပါနဲ့။”

မဘသရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ နိုင်ငံလုံခြုံရေးအတွက် အထောက်အထားမရှိတဲ့ နိုင်ငံခြားသားတွေကို စနစ်တကျ စိစစ်ဖော်ထုတ်ပေးဖို့၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို (ပြည်သူလူထုအကူအညီရယူ) တည်ဆောက်ပြီး နယ်စပ်ဂိတ်တွေကို စနစ်တကျစိစစ်ဖို့၊ ဦးနေမျိုးဝေအမှုကို ပြန်စိစစ်ပြီး တရားဥပဒေ သရုပ်သကန် ပေါ်လွင်အောင် ဆောင်ရွက်ဖို့၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ ဓာတုဆိုးဆေးပါ အစားအစာတွေကို အထူးစီမံကိန်းချ နှိမ်နင်းဖို့၊ အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိခိုက်စေတဲ့ ဧည့်ခံဖျော်ဖြေခြင်း၊ ၀တ်စားဆင်ယင်ခြင်းတို့ မလုပ်ဖို့ စတာတွေကို တိုက်တွန်းပါတယ်။

ဇွန်လ ၅ ရက်နေ့မှာပဲ မဘသ (ဗဟို) က အသိပေးညွှန်ကြားချက်မှာ အမျိုးစောင့်ဥပဒေ ၄ ရပ်နဲ့ တခြားသော အမျိုးသားလုံခြုံရေးဥပဒေတွေကို သတိ၊ ၀ိရိယကြီးကြီးထား ကာကွယ်စောင့်ရှောက်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတ၀န်းရှိ မဘသ အဖွဲ့အစည်းပေါင်း ၃၀၀ တို့ဟာ အဖွဲ့အစည်းကိုယ်စားပြု အကောင့်တခုစီ ဖွင့်လှစ်ကြပြီး သတင်းအချက်အလက်မှန်ရေး၊ အချိန်မီ ပူးပေါင်းဆောင်ရွက်ရေးအတွက် ခေတ်စနစ်နဲ့အညီ ဆောင်ရွက်ကြရမယ်လို့ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013