DVB Logo
Home
မြန်မာသတင်း
အတာအိုးကအစ သင်္ကြန်ပစ္စည်းများ ဈေးတက် (ရုပ်သံ) 
ဟန်န
·
April 13, 2026
အတာအိုးကအစ သင်္ကြန်ပစ္စည်းများ ဈေးတက် (ရုပ်သံ) 
Donate to DVB

မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလမှာ အတာအိုးကအစ သင်္ကြန်ပစ္စည်းအကုန် အဆမတန် ဈေးတက်နေတဲ့အတွက် လက်လုပ်လက်စားမိသားစုတွေဟာ သူတို့ရဲ့ ကလေးတွေ ရေကစားဖို့ အတွက် သင်္ကြန်ပစ္စည်းတွေဝယ်ပေးဖို့ မိဘတွေ အခက်ကြုံနေကြရ ပါတယ်။

ရန်ကုန်၊ လသာမြို့နယ် ၂၄ လမ်းထဲမှာ သင်္ကြန်ရေသေနတ်တွေ၊ ရေပြွတ်တွေနဲ့ ရေပူဖောင်းရောင်းတဲ့ဆိုင်တွေရှိပြီး ပွဲတော်အနားနီးမှ သင်္ကြန်ပစ္စည်းတွေ ဝင်လာလို့ ဈေးတွေကလည်း မနှစ်ကထက် ထက်ဝက်ကနေ ၃ ဆလောက် မြင့်တက်သွားပါတယ်။ 

အရင်က ရာသီချိန်တိုင်း အလွယ်တကူ ရောက်လာတတ်တဲ့ သင်္ကြန်ပစ္စည်းတွေဟာ အခုအခါမှာတော့ ဈေးတွေပိုတက်လာပြီး ပစ္စည်းလည်း ရှားလာတယ်လို့ သင်္ကြန်ပစ္စည်းရောင်းချတဲ့ အရောင်းဝန်ထမ်းတယောက်က ပြောပါတယ်။

“ဈေးက တအားကွာတယ်။ ဈေးက ထက်ဝက်လောက်ကွာတယ်။ မှာလို့တောင် မရဘူး။ လမ်းကြောင်းက နည်းနည်း အနားနီးမှ ဝင်တာပေါ့။”

ရန်ကုန်မြို့ထဲက သင်္ကြန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဈေးမေးလိုက် ပြန်ချလိုက်နဲ့ ဝယ်သူတွေမှာ ဈေးကြီးတာကြောင့် ချိန်ဆဖို့တော်တော်ခက်နေကြပြီး ကလေးတွေအတွက် ကစားစရာ ဝယ်ပေးရတာ  ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ လှည်းနဲ့ ရွှေရင်အေးရောင်းတဲ့ ကလေး ၂ ယောက် ဖခင်က ပြောပါတယ်။

“ဝန်ထုပ်ဝန်ပိုးတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ သားသမီးဆိုတော့လည်း ဝယ်ပေးရတာပေါ့။ သူတို့ လိုချင်တာလေးတွေ၊ ကိုယ်တတ်နိုင်တဲ့ဟာပေါ့။”

စက်သုံးဆီဈေးနှုန်း မြင့်တက်တာ၊ ဝယ်ယူရရှိမှု ခက်ခဲတာအပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ ၂ ဆအထိ မြင့်တက်နေပြီး သင်္ကြန်ရေကစားပစ္စည်းတွေ အရင်နှစ်တွေထက် ၃ ဆအထိ ဈေးနှုန်းမြင့်တက်လာနေ ပါတယ်။

လက်ရှိ သင်္ကြန်ကလေးကစားစရာတွေမှာ လက္ကားဈေး ကျပ် ၄၅၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိပြီး လက္ကားဈေးထက် လက်လီဈေးက အဆမတန်မြင့်နေတာကလည်း ဝယ်သူတွေကို ခက်ခဲစေတာ ဖြစ်ပါတယ်။

“ဈေးကြီးတယ်။ အရင်ကနဲ့ ဒါတွေ ဘယ်လောက်မှ မရှိဘူး။ မပေါဘူး။ ရှားတယ်။ အရင်က ဒါလေးတွေဆိုရင် ၇,၀၀၀ ပဲရှိတာ။ အခုက ၂၀,၀၀၀ ဆိုတော့ များတယ်။”

သင်္ကြန်အတာအိုးတွေလည်း မနှစ်ကထက် ထက်ဝက်မကမြင့်တက်သွားသလို အိုးလုပ်ရာ ဒေသတွေကနေ အတာအိုးတွေ ရောက်မလာနိုင်တော့ပါဘူး။

စစ်အာဏာရှင်သမ္မတကတော့ အခုနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် ရန်ကုန်မြို့က မြို့တော်ခန်းမအပြင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေအားနဲ့ မဏ္ဍပ်တွေ ပြင်ဆင်နေပါတယ်။

ဒါပေမဲ့ အမှန်တကယ် အများပြည်သူတွေ အကြီးအကျယ် ပါဝင်ဆင်နွှဲခဲ့တဲ့ အင်းယားလမ်းလို နေရာမျိုးမှာ ဧပြီ ၁၂ ရက်အထိ တိတ်ဆိတ်ခြောက်ကပ်နေတာကို တွေ့မြင်ရပါတယ်။

ဒါကြောင့် နှစ်ဟောင်းကနေ နှစ်သစ်ကို ကြိုကြမဲ့ မဟာသင်္ကြန်အချိန်ခါမှာ အာဏာသိမ်းသမ္မတက အစိုးရသစ်၊ စာမျက်နှာအသစ်လို့ ကြွေးကြော်ထားပေမဲ့ အတာအိုးတလုံး ကျပ် ၃,၀၀၀ ဖြစ်လာလို့ အိမ်တိုင်း နှစ်သစ်ကို ကြိုနိုင်ဖို့ ခက်ခဲနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013