DVB Logo
Home
မေးမြန်းခန်း
အသက် ၈၀ အရွယ် အမျိုးသမီးတယောက်ကို သူတို့ ဒီလောက်အထိ ကြောက်နေကြတာ — ရှောင်တာနယ်နှင့် DVB မေးမြန်းချက်
DVB
·
May 6, 2026
Photo: DVB
Photo: DVB
Donate to DVB

အာဏာသိမ်းစစ်အုပ်စုဟာ ရဲရင့်တဲ့သူတွေ မဟုတ်ဘူးဘဲ အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းကို ကြောက်ရွံ့နေတဲ့ စိတ်ဓာတ်ပျော့ညံ့သူတွေသာ ဖြစ်တယ်၊ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် ပျက်စီးသွားပြီး၊ နိုင်ငံစီးပွားရေးနဲ့ တိုင်းပြည်ပုံရိပ်ကို ပြန်တည်ဆောက်ဖို့  အချိန် အတော်လေး ယူရပါလိမ့်မယ်လို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က ပြောကြားလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စီးပွားရေးပါမောက္ခ တယောက်လည်း ဖြစ်တဲ့ မစ္စတာရှောင်တာနယ်ဟာ စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ‌တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မစ္စတာရှောင်တာနယ်ဟာ  နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံရကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ  ၂၀၂၂ နိုဝင်ဘာလအထိ ရက်ပေါင်း ၆၅၀ အကျဉ်းကျခံခဲ့ရသူဖြစ်ပြီး အမှုရင်ဆိုင်နေရစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့ နိုင်ငံခြားသားတယောက်လည်းဖြစ်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ၊ စစ်အာဏာရှင် လက်အောက် မြန်မာ့စီးပွားရေးနဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် အကြံပြုချက် စတာတွေနဲ့ ပတ်သက်ပြီး DVB က ဆက်သွယ်မေးမြန်းထားပါတယ်။ 

(မေးမြန်းချက် အပြည့်အစုံ) —

မေး။ အစပျိုးရရင်၊ ပါမောက္ခ ရှောင်တာနယ်ဟာ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်စနစ် ပြင်ပကလူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ အဲဒါက ဘယ်တုန်းကလဲ၊ နောက်ပြီး အဲဒီအချိန်မှာ သူ့ရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ရှောင်။ “အဲဒါက ၂၀၂၂ ခုနှစ် နှောင်းပိုင်းတုန်းကပါ။ အခုဆိုရင် အချိန်အတော်လေး ကြာသွားပြီလို့ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအချိန်မှာ အခြေအနေ အရမ်းကောင်းနေပါတယ်။ သူ့ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အရမ်းကို မြင့်မားနေတာပါ။ တကယ်တော့ သူက ကျနော်တို့ ကျန်တဲ့သူတွေကိုတောင် စိတ်ဓာတ်မကျအောင် အားပေးဖို့ ပိုပြီး စိတ်အားထက်သန်နေခဲ့တာပါ ကျနော်တို့ လုပ်နေတဲ့အလုပ်က မှန်ကန်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေဖို့ သူက ပိုပြီး စိတ်ပူနေခဲ့တာ။ ပြောရရင် သူဟာ ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေရဲ့ သာယာဝပြောရေးကို ပိုပြီး ဂရုစိုက်နေခဲ့တာပါ။ ဒါပေမဲ့ သူ့ကြည့်ရတာ ကျန်းမာသန်စွမ်းပုံရပါတယ်။ ကိုယ်အလေးချိန်တော့ အတော်လေး ကျသွားတယ်၊ ကျနော်တို့ သိကြတဲ့အတိုင်း သူက မူလကတည်းကလည်း အဆီပိုရှိတဲ့သူ မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒါကလွဲရင် သူ့ကိုကြည့်ရတာ ကျန်းမာပြီး အားအင်ပြည့်ဝနေပုံ ရပါတယ်။”

မေး။ အဲဒီအချိန်ကစရင် အခုဆို ၅ နှစ်နီးပါး ရှိတော့မယ်ပေါ့။  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှောင်ကို ပြောခဲ့တဲ့ နောက်ဆုံးစကားတွေကို မှတ်မိသေးလား။

ရှောင်။ “မှတ်မိတာပေါ့။ သူက ကျနော့်ကို တိုက်ရိုက်ပြောခဲ့တာက ‘ရှောင်၊ ဒီအကြောင်းတွေကို ပြောပြပေးပါ။ အဖြစ်မှန်တွေကို ကမ္ဘာကသိအောင် လုပ်ပေးပါ။ မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာကြီးက မေ့မသွားပါစေနဲ့။ ရှင့်ရဲ့ သူငယ်ချင်းတွေကိုလည်း မမေ့ပါနဲ့’ စသဖြင့်ပေါ့။ ဒါကြောင့် ကျနော် အဲဒီအတိုင်း လုပ်နိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်ကဲ့၊ အဲဒါက သူပြောခဲ့တဲ့ နောက်ဆုံးစကားတွေပါပဲ‘ကျမတို့ရဲ့ အကြောင်းတွေကို ကမ္ဘာကသိအောင် လုပ်ပေးပါ’ ဆိုတာပါပဲ။” 

မေး။ ရှောင်ဟာ ထောင်ထဲမှာ ရက်ပေါင်း ၆၅၀ ကြာအောင် ဖြတ်သန်းခဲ့ရပြီး အဲဒီအကြောင်းတွေကို “An Unlikely Prisoner” ဆိုတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာက ပိုသိလာအောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်နိုင်ခဲ့သလဲ။

ရှောင်။ “ကျနော် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဓိက ပြဿနာကတော့ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း ကိစ္စတွေကြောင့် ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုက မြန်မာနိုင်ငံအပေါ်မှာ လျော့နည်းသွားတာပါပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ နည်းလမ်းမျိုးစုံနဲ့ ဆက်ပြီး ကြိုးစားနေပါတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ ကျနော့်ရဲ့ မြန်မာသူငယ်ချင်းတွေဟာလည်း မမောမပန်းဘဲ စိတ်အားထက်သန်စွာနဲ့ ဒီအလုပ်တွေကို လုပ်နေကြတာ ကျနော်သိပါတယ်။ ခင်ဗျားတို့လည်း ကြိုးစားနေကြတယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး အကောင်းဆုံး ကြိုးစားနေကြတယ်လို့ ယုံကြည်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ပိုပြီးကြီးမားတဲ့ ကမ္ဘာ့ဖြစ်ရပ်တွေနဲ့ ယှဉ်နေရတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ ကြိုးစားမှုတွေက ထိရောက်မှု ရှိနေတုန်းပဲလို့ ထင်ပါတယ်။”

မေး။ ဟုတ်ပါတယ်။ အဲဒီတော့ ရှောင်အနေနဲ့ နိုင်ငံတကာမှာ စကားပြောတဲ့အခါ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လူတွေ နားမလည်သေးတဲ့ အပိုင်းက ဘာများဖြစ်မလဲ။

ရှောင်။ “အဲဒါ မေးခွန်းကောင်းတခုပါ။ ကျနော် ထင်တာကတော့ လူတွေဟာ ဒီစစ်အုပ်စုရဲ့ သဘောသဘာဝကို နားမလည်ကြတာပဲ။ ဒီစစ်အုပ်စုက အရင်က စစ်အစိုးရတွေနဲ့ မတူဘူး ဆိုတာကိုပါ။ အထူးသဖြင့် စီးပွားရေးအပေါ် ဖျက်ဆီးမှုတွေက အရင်က စစ်အုပ်ချုပ်သူတွေနဲ့ အရမ်းကွာခြားပါတယ်။ အဲဒီအချက်ကို လူတွေ သတိမထားမိကြဘူး ထင်ပါတယ်။ လူတွေက ဒါကို နောက်ထပ် အာဏာရှင်အစိုးရတခုလို့ပဲ မြင်ကောင်းမြင်နိုင်ပေမဲ့၊ တကယ်တော့ ဒါက သဘာဝချင်း မတူပါဘူး။ ဒါဟာ သမိုင်းမှာ အဆိုးဝါးဆုံး အုပ်ချုပ်မှုတွေထဲက တခုပါ။”

မေး။ ရှောင်အနေနဲ့ ဩစတြေးလျကို ပြန်ရောက်ပြီးကတည်းက မြန်မာ့စီးပွားရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာ အတော်များများ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေး မူဝါဒတွေထဲမှာ သင့်ကို အံ့ဩစေတဲ့ အချက်က ဘာများလဲ။”

ရှောင်။ “သူတို့ရဲ့ အကျိုးအကြောင်း မဆီလျော်မှုတွေပါပဲ။ သူတို့က ကိုယ့်အကျိုးစီးပွားအတွက်၊ သူတို့ ဆင်နွှဲနေတဲ့ စစ်ပွဲအတွက် စီးပွားရေးကို အသုံးချမယ်ဆိုတာကတော့ နားလည်ရလွယ်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အရည်အချင်း လုံးဝမရှိတာကတော့ တကယ့်ကို အံ့ဩစရာပါ။ ဒီထက်ပိုပြီး ကောင်းအောင် လုပ်လို့ရပေမဲ့ သူတို့ မလုပ်နိုင်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က အရည်အချင်း မရှိလို့ပါပဲ။ ရုတ်တရတ်ကြည့်ရင်တော့ အံ့ဩစရာဖြစ်ပေမဲ့၊ တဖက်က ပြန်ကြည့်ရင်တော့ မထူးဆန်းပါဘူး။ အဲဒီ အစိုးရထဲက၊ အဲဒီ စစ်အုပ်စုထဲက လူတဦးချင်းစီကို ကြည့်လိုက်ရင် စီးပွားရေးတခုကို လည်ပတ်ဖို့ ဘယ်လိုမှ အရည်အချင်း မရှိကြသူတွေပါ။ အဲဒီတော့ သူတို့ရဲ့ သဘာဝကို ကြည့်ရင် ဒါက မအံ့ဩတော့ပါဘူး။”

မေး။ ဟုတ်ကဲ့။ အဲဒီတော့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ လုပ်ခဲ့တဲ့ စီးပွားရေး ဆုံးဖြတ်ချက်တွေထဲမှာ ဘယ်အရာက အထိခိုက်ဆုံးလဲ။

ရှောင်။ “သံသယဖြစ်စရာမလိုတဲ့အချက်ကတော့ စစ်ပွဲအတွက်ပဲ။ စီးပွားရေး တခုလုံးကို ပုံအောလိုက်တာပါပဲ။ အရင်းအမြစ် အားလုံးကို အဲဒီအတွက်ပဲ သုံးနေတာ။ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်၊ အခြေခံအဆောက်အအုံ စတဲ့ တခြားကဏ္ဍ အားလုံးကို လျစ်လျူရှုပြီး စစ်ပွဲအတွက်ပဲ အကုန်ပုံအောတာက နံပါတ်တစ် အချက်ပါပဲ။ နောက်တခုကတော့ စစ်မှုမထမ်းမနေရ ဥပဒေပါ။ ဒါက လူ့အခွင့်အရေး ရှုထောင့်ကကြည့်ရင် ရွံရှာဖွယ်ကောင်းသလို၊ စီးပွားရေးအတွက်လည်း ကပ်ဘေးတခုပါပဲ။ မြန်မာနိုင်ငံလို အလုပ်လက်မဲ့ များတဲ့နိုင်ငံမှာတောင် ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေ ဖြစ်လာတယ်။ ကုမ္ပဏီတွေက ကျွမ်းကျင်လုပ်သား ရှာမရတော့ဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ လူတွေက တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုးစားနေကြလို့ပါပဲ။ စီးပွားရေးအတွက် တကယ်လိုအပ်တဲ့ လူငယ်တွေက စစ်မှုထမ်းရမှာ ကြောက်လို့ နိုင်ငံကနေ ထွက်ခွာနေကြတာ။ ဒါကြောင့် စစ်မှုထမ်းဥပဒေဟာ တကယ့်ကို အဆိုးဝါးဆုံး အချက်ပါပဲ။”

မေး။ ဩစတြေးလျ အပါအဝင် အနောက်နိုင်ငံ အတော်များများက စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူထားပါတယ်။ အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေက တကယ်ပဲ ထိရောက်မှု ရှိပါသလား။

ရှောင်။ “အထောက်အကူ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကိုတော့ ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တခြားရှုထောင့်ကနေ မြင်ဖို့ လိုပါတယ်။ အရင်ကတော့ ဒါက သူတို့ကို အပြစ်ပေးတာ၊ သူတို့ရဲ့ အပြုအမူကို ပြောင်းလဲစေတာလို့ ထင်ခဲ့ကြပေမဲ့ အခုတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက တခြားနေရာမှာ အသုံးဝင်ပါတယ်။ သူတို့ စိတ်ဓာတ်မပြောင်းရင်တောင်၊ မြန်မာပြည်သူတွေအပေါ် စစ်ဆင်နွှဲဖို့ သူတို့သုံးစွဲနေတဲ့ အရင်းအမြစ်တွေကိုတော့ ကျနော်တို့ ကန့်သတ်နိုင်ပါတယ်။ အရေးကြီးဆုံးက နိုင်ငံခြားငွေ ရရှိမှုကို ကန့်သတ်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က ရုရှားနဲ့ တရုတ်တို့ဆီကနေ လက်နက်တွေ ဝယ်ဖို့အတွက် နိုင်ငံခြားငွေကို အရမ်း လိုချင်နေတာပါ။ အဲဒီတော့ နိုင်ငံခြားငွေ မရအောင် ဖြတ်တောက်နိုင်ရင် သူတို့ရဲ့ စစ်ဆင်နိုင်စွမ်းကို ဖြိုခွဲရာ ရောက်ပါတယ်။”

မေး။ ဟုတ်ကဲ့။ အဲဒီတော့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်တပ်ထက် သာမန်ပြည်သူတွေကို ပိုပြီး မထိခိုက်အောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ။

ရှောင်။ “တကယ်တော့ မြန်မာပြည်သူတွေက အများကြီး ထိခိုက်ခံစားနေရပြီးပါပြီ။ စီးပွားရေးက ပျက်စီးနေတာဆိုတော့၊ ကျနော်ခဏခဏ ပြောလေ့ရှိတာက မြန်မာနိုင်ငံအပေါ် အဆိုးဆုံး ဒဏ်ခတ်ပိတ်ဆို့နေတဲ့သူဟာ မြန်မာစစ်အုပ်စု ကိုယ်တိုင်ပဲလို့။ သူတို့ကပဲ အဓိက ဖျက်ဆီးနေတာပါ။ အဲဒီတော့ ပျက်စီးမှုတွေက ဖြစ်နေပြီးသားပါ။ နောက်ပြီး သာမန် မြန်မာပြည်သူတယောက်ဟာ နိုင်ငံတကာ ဘဏ်စနစ်တွေ၊ နိုင်ငံခြားငွေ စီးဆင်းမှုတွေ ဒါမှမဟုတ် လက်နက်အရောင်းအဝယ်တွေနဲ့ မပတ်သက်ပါဘူး။ ကျနော်ပြောနေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက စစ်ကောင်စီဆီကို အလုံးအရင်းနဲ့ ရောက်နေတဲ့ နိုင်ငံခြားငွေတွေကို ဖြတ်တောက်ဖို့ပါ။ ဒီလိုလုပ်တာက ခေတ်မီလက်နက်တွေ ဝယ်ဖို့ ကြိုးစားနေတဲ့ သူတို့ကိုပဲ ထိမှာပါ။ အခုအချိန်မှာ ကျေးလက်တောရွာတွေမှာ မရှိမဖြစ် လိုအပ်ချက်လေးတွေရဖို့ ရုန်းကန်နေရတဲ့ သာမန်ပြည်သူတွေကိုတော့ ဒါက သွားပြီး မထိခိုက်ပါဘူး။”

မေး။ မြန်မာ့စီးပွားရေးက သဘာဝဘေးအန္တရာယ်တွေရော၊ လူလုပ်တဲ့ ဘေးအန္တရာယ်တွေအပြင် အခုနောက်ဆုံးဖြစ်နေတဲ့ စွမ်းအင်အကျပ်အတည်းကိုပါ ကြံ့ကြံ့ခံနိုင်နေသလိုပဲ။ အဲဒါက ဘယ်လိုကြောင့် ဖြစ်နိုင်တာလဲ။

ရှောင်။ “မြန်မာပြည်သူတွေရဲ့ မယုံနိုင်စရာကောင်းတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကြောင့်လို့ပဲ မြင်ပါတယ်။ ပြည်သူတွေအနေနဲ့တော့ ဒီစကားကို ကြားရတာ ငြီးငွေ့နေလောက်ပြီဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားပါပဲ၊ သူတို့ဟာ အသက်ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်တဲ့နေရာမှာ အရမ်းကို တော်ကြပါတယ်။ သူတို့က တီထွင်ကြံဆတတ်တယ်၊ ရရာနဲ့ ဖြေရှင်းတတ်တယ်။ တိုင်းပြည်က မပြိုလဲဘဲ ဆက်သွားနေတာက စစ်အုပ်စုကြောင့် မဟုတ်ပါဘူး၊ ပြည်သူတွေရဲ့ ရှင်သန်နိုင်စွမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဒီလိုမျိုး မရှင်သန်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။ AI ခေတ်၊ ခေတ်မီစီးပွားရေးတွေအကြောင်း ပြောနေကြတဲ့ ၂၁ ရာစုမှာ မြန်မာပြည်သူတွေက ရှင်သန်ရုံလေးအတွက်ပဲ ရုန်းကန်နေရတာက တကယ့်ကို စိတ်မကောင်းစရာပါ။”

မေး။ အဲဒီတော့ ဒီလို ရှင်သန်ရုံသက်သက် စီးပွားရေးဟာ ဘယ်အချိန်မှာ လုံးဝ မခံနိုင်တော့တဲ့ အခြေအနေကို ရောက်သွားမလဲ။

ရှောင်။ “အဲဒါ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းပါ။ အဲဒီအခြေအနေကို ရောက်ဖို့ နီးနေပြီလို့ ထင်ပါတယ်။ ခင်ဗျား စောစောက ပြောသွားတဲ့ လောင်စာဆီ ကိစ္စက အဓိကပဲ။ လောင်စာဆီ ဈေးကြီးတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေတင် မကပါဘူး။ ဒါက တခြားကဏ္ဍတွေဆီကိုလည်း ကူးစက်လာတာ။ စွမ်းအင်မရတော့တဲ့အတွက် လုပ်ငန်းအ တော်များများ ဆက်ပြီး မလည်ပတ်နိုင်တော့ဘူး။ စိုက်ပျိုးရေးကဏ္ဍမှာလည်း အကြီးအကျယ် ထိခိုက်တယ်။ ထွန်စက်တွေအတွက် ဆီမရှိတာတင် မဟုတ်ဘူး၊ မြေသြဇာထုတ်ဖို့အတွက်လည်း ရေနံက လိုအပ်တာလေ။ အဲဒီတော့ မြေသြဇာတွေ လယ်ကွင်းထဲကို မရောက်နိုင်တော့ဘူး။ ဆိုလိုတာက စိုက်ပျိုးရေး ထုတ်လုပ်မှုတွေ ကျဆင်းလာမယ်၊ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာမယ်။ ဒါက ရေတိုတင် မဟုတ်ဘဲ ရေရှည်အထိ ထိခိုက်သွားမှာပါ။”

မေး။ စီးပွားရေး အခြေအနေ ဆိုးရွားနေပေမဲ့ မြန်မာစစ်တပ်က တော်လှန်ရေး အင်အားစုတွေဆီကနေ နယ်မြေအချို့ကို ပြန်သိမ်းနိုင်နေတာမျိုး ရှိပါတယ်။ ဒါက ဘယ်လိုကြောင့် ဖြစ်နိုင်တာလဲ။

ရှောင်။ “အဓိကကတော့ သူတို့မှာ ခေတ်မီလက်နက်တွေ ရှိနေလို့ပါ။ ကျနော်ပြောခဲ့သလို ရုရှားနဲ့ တရုတ်ဆီကနေ ဝယ်နေတာ။ ဒီနိုင်ငံတွေက စစ်အုပ်စုကို ထောက်ခံနေတာက တကယ့်ကို ရှက်ဖို့ကောင်းပါတယ်။ အထူးသဖြင့် လေကြောင်းကနေ ဗုံးကြဲတာတွေပေါ့။ အဲဒါက တကယ့်ကို ဆိုးရွားတဲ့ အခြေအနေပါ။ ဒါပေမဲ့ လောင်စာဆီ ပြတ်လပ်မှုက တဖက်ကနေကြည့်ရင် တော်လှန်ရေး အင်အားစုတွေအတွက် အခွင့်အလမ်း ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက လောင်စာဆီပေါ်မှာ ပိုပြီး မှီခိုနေရလို့ပါ။ အဲဒီတော့ ရှေ့လျှောက်မှာ ဒီလောင်စာဆီ ပြတ်လပ်မှုကြောင့် အခြေအနေတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။”

မေး။ တရုတ်၊ ရုရှား ဒါမှမဟုတ် ဒေသတွင်း ကုန်သွယ်ရေးတွေက စစ်တပ်အတွက် ဘယ်လောက်အထိ အထောက်အကူ ဖြစ်နေလဲ။

ရှောင်။ “အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဓိကကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်က အခုဆိုရင် စစ်အုပ်စုကို လူသိရှင်ကြား ထောက်ခံနေပြီ၊ ဒါက တကယ့်ကို ဆိုးရွားတဲ့ အချက်ပါ။ တရုတ်က ခဏလောက် ဝေခွဲမရဖြစ်နေခဲ့သေးတယ်၊ ဒါပေမဲ့ ဒီစစ်အုပ်စုက တရုတ် လိုချင်တာမှန်သမျှ ပေးနေတာဆိုတော့ တရုတ်က ဆက်ပြီး ထောက်ခံနေတာပေါ့။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရုတ်လက်ထဲ ထိုးအပ်နေသလိုပါပဲ။ ဒါဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်ရာလည်း ရောက်ပါတယ်။”

မေး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့ ကော်မတီသစ်တွေက စစ်တပ်ထက် ပိုကောင်းတဲ့ စီးပွားရေး တခြားရွေးချယ်စရာတွေကို တင်ပြနိုင်စွမ်း ရှိပါသလား။

ရှောင်။ “ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ဒီနေရာမှာတော့ ကျနော်အတော်လေး အကောင်းမြင်ပါတယ်။ အဲဒီ ကော်မတီသစ်ကနေ ထွက်လာတဲ့ စီးပွားရေးဆိုင်ရာ အဆိုပြုချက်တွေကို ကျနော် သေသေချာချာ လေ့လာကြည့်ဖူးပါတယ်။ အဲဒီမှာ ဖက်ဒရယ် ဘဏ္ဍာရေးစနစ်နဲ့ ပတ်သက်ပြီး တကယ့်ကို လက်တွေ့ကျတဲ့ အဆိုပြုချက်တွေ ပါနေတာ တွေ့ရပါတယ်။ ဒါမျိုး အရင်က ကျနော်တို့ မမြင်ခဲ့ဖူးပါဘူး။ ဒါက အနာဂတ်မှာ ခိုင်မာတဲ့ ဖက်ဒရယ် စနစ်တခုအတွက် အခြေခံကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။”

မေး။ NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ရင် အသံတသံတည်း ထွက်ဖို့က ဘယ်လောက်အထိ အရေးကြီးသလဲ။

ရှောင်။ “တကယ့်ကို အရေးကြီးပါတယ်။ အခုလည်း အဲဒီအခြေအနေကို ရောက်ဖို့ ကြိုးစားနေကြတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အားလုံး စုစည်းနေရင် စစ်အုပ်စုက တဖွဲ့ချင်းစီကို ခွဲထုတ်ပြီး တိုက်ခိုက်ဖို့ ခက်သွားမှာလေ။ ညီညွတ်မှုက အရမ်း အရေးကြီးပါတယ်။ အဲဒီ ညီညွတ်မှုကို ဒီစီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် တည်ဆောက်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

မေး။ အဲဒီတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သာမန်ပြည်သူတွေအတွက် အခုလက်ရှိမှာ ဘာတွေ ပေးနိုင်မလဲ။ အနာဂတ် အပြောင်းအလဲ ပြီးမှ မဟုတ်ဘဲ အခုချက်ချင်းပေါ့။

ရှောင်။ “လက်ရှိမှာတော့ ဘဏ္ဍာရေး အရင်းအမြစ်တွေကို ပိုပြီး ထိရောက်အောင် စုစည်းနိုင်ပါတယ်။ အားလုံးပေါင်းလိုက်ရင် ပိုပြီး အားကောင်းလာမယ်၊ လုပ်ဆောင်ချက်တွေကလည်း ပိုပြီး ထိရောက်လာမှာပါ။ ဖက်ဒရယ် ချေးငွေစာချုပ် ထုတ်ဝေတာမျိုး စတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကနေတဆင့် ပြည်သူတွေအတွက် အခုချက်ချင်း အကျိုးကျေးဇူးတွေ ဖော်ဆောင်ပေးနိုင်ပါတယ်။”

မေး။ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က စစ်အာဏာရှင် မင်းအောင်လှိုင်ကို ယာယီသမ္မတအဖြစ် အသိအမှတ်ပြုထားကြပြီဆိုတော့၊ နိုင်ငံတကာအသိုက်အဝန်းက တော်လှန်ရေး ခေါင်းဆောင်ပိုင်းကိုရော ထောက်ခံလာနိုင်ပါ့မလား။

ရှောင်။ “ခင်ဗျားပြောတဲ့ နိုင်ငံတွေကလွဲရင် ကမ္ဘာ့ကျန်တဲ့ နိုင်ငံအတော်များများကတော့ ဒီစစ်အုပ်စုဟာ မြန်မာနိုင်ငံအတွက် ကပ်ဆိုးတခုပဲဆိုတာ နားလည်ကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အင်အားစုတွေဘက်ကနေ ခိုင်မာတဲ့ ညီညွတ်မှုကို ပြသဖို့ လိုပါတယ်။ ကမ္ဘာကြီးကို ခိုင်မာတဲ့ မိတ်ဖက်အဖြစ် ပြသနိုင်ရပါမယ်။ နောက်တချက်ကတော့ စစ်တပ်က စစ်မြေပြင်မှာ ရှုံးနိမ့်လာတာနဲ့အမျှ၊ နောက်ပြီး သူတို့ရဲ့ စီးပွားရေး စီမံခန့်ခွဲမှုအလွဲတွေက ပိုပြီး သိသာလာတာနဲ့အမျှ လူထုရဲ့ အားပေးမှုက ဒီမိုကရေစီ အင်အားစုတွေဘက်ကိုပဲ ပိုပြီး ရောက်လာမှာပါ။”

မေး။ အိမ်နီးချင်းနိုင်ငံတွေက ဒီမိုကရေစီထက် တည်ငြိမ်မှုကိုပဲ ရွေးချယ်နေကြတာလား။

ရှောင်။ “သူတို့ကတော့ အဲဒီလို ထင်ပြီး လုပ်နေကြတာပေါ့။ ဒါပေမဲ့ ပြဿနာက မင်းအောင်လှိုင်ကို ရွေးချယ်လိုက်တာက တည်ငြိမ်မှုကို ရွေးချယ်တာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါက တကယ့်ကို ထူးဆန်းပါတယ်။ မင်းအောင်လှိုင်ကပဲ မြန်မာနိုင်ငံကို အကြီးအကျယ် မတည်မငြိမ် ဖြစ်အောင် လုပ်နေတာပါ။ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဖြစ်လာတာဟာလည်း အာဏာသိမ်းမှုရဲ့ ရလဒ်ပဲလေ။ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam centers) တွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြီးအကျယ် ပျံ့နှံ့လာတာပါ။”

မေး။ အဲဒါဆိုရင် အာဆီယံနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေကို ယုံကြည်လာအောင် NUG အနေနဲ့ ဘာတွေလုပ်ဖို့ လိုမလဲ။

ရှောင်။ “အခု သူတို့ လုပ်နေတာတွေကိုပဲ ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ပါ။ လက်တွေ့ကျတဲ့ မူဝါဒတွေကို ချပြပြီး၊ တာဝန်ယူမှုရှိတဲ့ ဖက်ဒရယ် နိုင်ငံတခု တည်ထောင်နိုင်တယ်ဆိုတာကို သက်သေပြဖို့ လိုပါတယ်။ ကမ္ဘာကြီးကို သူတို့ရဲ့ အကြောင်းတွေကို ပိုပြီး သိအောင် ပြောပြရပါမယ်။ ဆူညံရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးမှာ ဒီသတင်းစကားကို ရောက်အောင် ပို့ဖို့ ခက်ခဲနိုင်ပေမဲ့၊ သူတို့မှာ ကောင်းမွန်တဲ့ အနာဂတ် ရည်မှန်းချက်တွေ ရှိနေတာမို့ ဒါကို ပိုပြီး ကျယ်ကျယ်လောင်လောင် ပြောဖို့ လိုပါတယ်။”

မေး။ NLD အစိုးရလက်ထက်မှာ တာဝန်ယူမှုရှိတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အတွက် ခိုင်မာတဲ့ မူဘောင်တခုကို တည်ဆောက်ခဲ့ပါတယ်။ အခုတော့ အဲဒီစနစ်က လုံးဝ ပျက်စီးသွားပြီး နိုင်ငံတကာကုမ္ပဏီကြီးတွေလည်း ထွက်ခွာသွားကြပြီဆိုတော့၊ ဒါက မြန်မာ့စီးပွားရေး အနာဂတ်အပေါ် ဘယ်လို ရေရှည်ဆိုးကျိုးတွေ သက်ရောက်နိုင်မလဲ။

ရှောင်။  “FDI ပြိုလဲသွားတာက မြန်မာ့စီးပွားရေးအတွက် အရမ်းကို စိုးရိမ်စရာကောင်းတဲ့ ရေရှည်သက်ရောက်မှုတွေ ရှိပါတယ်။ မူလကတော့ မြန်မာနိုင်ငံဟာ အာရှကျားတကောင် ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ FDI မရှိဘဲနဲ့တော့ ဒါက ဖြစ်နိုင်စရာ အကြောင်းမရှိတော့ပါဘူး။ တခြား အာရှကျား နိုင်ငံတွေလိုပဲ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ထုတ်လုပ်မှု ကွင်းဆက်ထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာပေါ့။ FDI ပြိုလဲတာထက် ပိုဆိုးတာက ကျန်ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဆိုးဆုံး အမျိုးအစားတွေ ဖြစ်နေတာပါပဲ။ အဓိကကတော့ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းတွေပေါ့။ အထူးသဖြင့် တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတွေက သယံဇာတတွေကိုပဲ အငမ်းမရ ထုတ်ယူနေကြတာပါ။ ဒါက တကယ့်ကို ပျက်စီးစေတဲ့ လုပ်ရပ်တွေပါပဲ။”

မေး။ စစ်အာဏာရှင်က အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနေရာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ အရင်းအနှီးတွေနဲ့ အစားထိုးဖို့ ကြိုးစားနေပါတယ်။ ဒါက မြန်မာနိုင်ငံကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ဝေးကွာသွားစေပြီး သယံဇာတ ထုတ်ယူရောင်းစားတဲ့ စီးပွားရေးပုံစံဆီကို ပြန်တွန်းပို့နေတာလို့ သင် သဘောတူပါသလား။

ရှောင်။ “ဟုတ်ပါတယ်။ အတိအကျပါပဲ။ တရုတ်နဲ့ ရုရှားက တခြားနိုင်ငံတွေအပေါ်မှာ သယံဇာတ ထုတ်ယူဖို့လောက်ပဲ စိတ်ဝင်စားကြတာပါ။ သူတို့က မြန်မာနိုင်ငံကို သယံဇာတတွင်းကြီး တခုလိုပဲ မြင်ကြတာ။ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာဖို့ သူတို့ စိတ်မဝင်စားပါဘူး။ သူတို့ စိတ်ဝင်စားတာက စွမ်းအင်၊ ကုန်ကြမ်းနဲ့ စိုက်ပျိုးရေး ထွက်ကုန်အချို့ကို အနိမ့်ဆုံးအဆင့်နဲ့ ထုတ်ယူဖို့ပါပဲ။ ဒါက စီးပွားရေးကို အနိမ့်ဆုံးအဆင့်ကိုပဲ ပြန်ရောက်သွားစေပါတယ်။”

မေး။ မြန်မာပြည်သူတွေဟာ အခုအချိန်မှာ ဝင်ငွေနည်းပြီး ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို အကြီးအကျယ် ခံနေရပါတယ်။ FDI လည်း မရှိ၊ ငွေကြေးတန်ဖိုးကလည်း ဆက်တိုက် ကျဆင်းနေတဲ့ အခြေအနေမှာ ဗဟိုဘဏ်အနေနဲ့ ငွေကြေးမူဝါဒနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ပါဦးမလား။

ရှောင်။ “မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက အသုံးစရိတ်အတွက် ငွေတွေကို စိတ်ကြိုက် ရိုက်ထုတ်နေလို့ပါပဲ။ ဗဟိုဘဏ်က ဘယ်လောက်ပဲ တော်နေပါစေ၊ အစိုးရက ငွေတွေ စိတ်ကြိုက် ရိုက်ထုတ်နေသရွေ့တော့ ဘာမှ လုပ်လို့မရပါဘူး။ အဲဒီတော့ ငွေကြေးဖောင်းပွမှုက ဖြစ်လာမှာပဲလေ။ အဲဒါက ရှောင်လွှဲလို့ မရပါဘူး။ ဒါ့အပြင် အခု ဗဟိုဘဏ်မှာ ရှိနေတဲ့သူတွေကလည်း အရင်ကလောက် အရည်အချင်း မရှိကြတော့ဘူး။ တော်တဲ့သူတွေ အကုန်လုံး ထွက်သွားကြပြီလေ။ အဲဒီတော့ အရည်အချင်းမရှိတဲ့ အစိုးရက ငွေတွေရိုက်ထုတ်တယ်၊ ဗဟိုဘဏ်ကလည်း အစိုးရခိုင်းသမျှ လုပ်နေတယ်ဆိုတော့ ဒါဟာ စီးပွားရေး ကပ်ဘေးတခုပါပဲ။”

မေး။ နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာသွားတာက မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ်ကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ "ဆုံးရှုံးသွားတဲ့ မျိုးဆက်" ကြောင့် ဖြစ်လာတဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှု လိုအပ်ချက်တွေကို အနာဂတ်မှာ ဘယ်လို ပြန်လည် ဖြည့်ဆည်းနိုင်မလဲ။

ရှောင်။ “ဟုတ်ပါတယ်၊ လူသားအရင်းအမြစ် ကဏ္ဍကတော့ ဒီစစ်အုပ်စုကြောင့် အကြီးအကျယ် ပျက်စီးသွားပါပြီ။ FDI တွေ ထွက်သွားလို့ အလုပ်အကိုင်တွေ ဆုံးရှုံးတာတင် မကပါဘူး။ ဒီစစ်အုပ်စုက ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ချထားတာလေ။ အဲဒီတော့ လူသားအရင်းအမြစ် တည်ဆောက်မှုက လုံးဝ ရပ်တန့်သွားတာပေါ့။ ဒါကို ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းကတော့ အစိုးရသစ် တရပ် တက်လာဖို့ပါပဲ။ အခြေခံကနေစပြီး အကုန်လုံး ပြောင်းလဲပစ်ရပါမယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံတွေကို ဦးစားပေးပြီး FDI တွေ ပြန်ဝင်လာအောင် လုပ်ရပါမယ်။”

မေး။ တကယ်လို့ နိုင်ငံရေး အပြောင်းအလဲ ကောင်းကောင်း ဖြစ်လာမယ်ဆိုရင်တောင်၊ ပျက်စီးသွားတဲ့ နိုင်ငံပုံရိပ်ကို ပြန်လည်တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်လာအောင် ဘယ်လောက်အထိ အချိန်ယူရမယ်လို့ ခန့်မှန်းပါသလဲ။

ရှောင်။ “မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာ့စီးပွားရေးက အကြီးအကျယ် ပျက်စီးသွားတာဆိုတော့၊ အချိန်တော့ အတော်လေး ယူရပါလိမ့်မယ်။ အရင်က ဝင်လာဖူးတဲ့ ကုမ္ပဏီတွေ ပြန်လာဖို့ဆိုရင် မြန်မာနိုင်ငံက တကယ်ပဲ အမြဲတမ်း ပြောင်းလဲသွားပြီဆိုတဲ့ သက်သေတွေကို သူတို့ လိုချင်ကြမှာပါ။ ဒါပေမဲ့ တချို့အရာတွေကိုတော့ မြန်မြန်ဆန်ဆန် လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံ ပြောင်းလဲသွားပြီဆိုတဲ့ သတင်းစကားကို မြန်မြန်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် စစ်တပ်ဆီ ရောက်နေတဲ့ အရင်းအမြစ်တွေကို ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံတွေဆီကို ချက်ချင်း ပြောင်းလဲ သုံးစွဲတာမျိုးပေါ့။ ဗဟိုဘဏ်ကို ကောင်းကောင်း လည်ပတ်စေတာ၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တာ၊ ငွေလဲနှုန်းကို တည်ငြိမ်အောင် လုပ်တာတွေကလည်း အရေးကြီးပါတယ်။ နောက်ပြီး စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းတာ၊ နိုင်ငံခြားငွေ ထိန်းချုပ်မှုတွေကို လျှော့ချတာ၊ ပြည်သူတွေ သူတို့ရဲ့ ဘဏ်အကောင့်တွေကို လွတ်လပ်စွာ သုံးစွဲခွင့်ပေးတာ စတာတွေကိုလည်း ချက်ချင်း လုပ်လို့ရပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေကနေတဆင့် မြန်မာနိုင်ငံဟာ အရင်နဲ့ မတူတော့ဘူး၊ အခြေအနေတွေ ပြန်ကောင်းလာပြီဆိုတဲ့ သတင်းစကားကို ကမ္ဘာကြီးဆီ ချက်ချင်း ပို့နိုင်မှာပါ။ဒါပေမဲ့ အချိန်တော့ နည်းနည်းယူရဦးမှာ ဖြစ်ပါတယ်။”

မေး။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြန်သွားရအောင်ပါ။ သူ့ရဲ့ အသက်ရှင်နေကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတွေ ရှိနေပါတယ်။ မင်းအောင်လှိုင်က ဘာကြောင့် သူ့ကို ကမ္ဘာကြီးနဲ့ ဖြတ်တောက်ထားတာလဲ။

ရှောင်။ “အဲဒါက တကယ့်ကို နားမလည်နိုင်စရာ အချက်တခုပဲနော်။ မင်းအောင်လှိုင်ရဲ့ အပြုအမူက ဘယ်လိုမှ အကျိုးအကြောင်း မဆီလျော်ဘူး။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေတယ်ဆိုရင်၊ ဘာလို့ သက်သေမပြတာလဲ။ သူ ဘာကို ဖုံးကွယ်ထားတာလဲ။ တကယ်လို့ သူက နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်တယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း ပြသလိုက်တာက သူ့အတွက် ပိုကောင်းတာပေါ့။ ဒါကို မလုပ်တာက တကယ့်ကို စိုးရိမ်စရာပါ။ ဒါကြောင့် သူ့ကို လူမြင်ကွင်းကို ထုတ်ပြဖို့ တောင်းဆိုချက်တွေကို ကျနော်အပြည့်အဝ ထောက်ခံပါတယ်။ သူ ဘေးကင်းရဲ့လားဆိုတာ ကျနော်တို့ သိဖို့ လိုပါတယ်။”

မေး။ သူတို့ အကြောက်ဆုံးလူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတုန်းပဲလား။

ရှောင်။ “ဟုတ်ပါတယ်။ အဲဒါက တကယ့်ကို အံ့ဩစရာပဲနော်။ အသက် ၈၀ အရွယ် အမျိုးသမီးတယောက်ကို သူတို့ ဒီလောက်အထိ ကြောက်နေကြတာ။ ဒါက ဘာကို ပြနေလဲဆိုတော့ ဒီစစ်အုပ်စုထဲကလူတွေဟာ ရဲရင့်တဲ့သူတွေ မဟုတ်ဘူး၊ အရမ်းကို ကြောက်ရွံ့နေတဲ့ စိတ်ဓာတ်ပျော့ညံ့သူတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒေါ်စုအပေါ် သူတို့ရဲ့ သဘောထားက အဲဒီအချက်ကို အထင်ရှားဆုံး ပြနေတာပါ။”

မေး။ ဩစတြေးလျ၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့အနေနဲ့ အခုအချိန်မှာ ဘာတွေကို တောင်းဆိုသင့်သလဲ။

ရှောင်။ “အသက်ရှင်နေကြောင်း သက်သေပြဖို့ နိုင်ငံတကာက အသေအချာ တောင်းဆိုရပါမယ်။ ဒေါ်စုနဲ့ ပတ်သက်ရင် ဒါက မဖြစ်မနေ လုပ်ရမဲ့ အရာပါ။ ဒီမိုကရေစီ ခေါင်းဆောင်တယောက်ဟာ ထောင်ထဲမှာ မရှိသင့်ပါဘူး၊ သူ့ကို အမြန်ဆုံး လွှတ်ပေးရပါမယ်။”

မေး။ တကယ်လို့  ပါမောက္ခရှောင်တာနယ်အနေနဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက် စကားပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်သလဲ။

ရှောင်။ “ပထမဆုံးအနေနဲ့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားတို့ဟာ ကျနော်ရဲ့ လေးစားမှုကိုတင် မကဘူး၊ ကမ္ဘာကြီးရဲ့ လေးစားမှုကိုပါ ရရှိထားကြတာပါ။ ခင်ဗျားတို့ တယောက်တည်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ တခါတလေမှာ တယောက်တည်းလို့ ထင်ရပေမဲ့၊ ကမ္ဘာအနှံ့မှာ ခင်ဗျားတို့ရဲ့ တိုက်ပွဲကို သိနေပြီး အားပေးနေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒုတိယအချက်ကတော့၊ ဆက်ပြီး တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။ ဒီစစ်အုပ်စုက ထင်သလောက် မခိုင်မာပါဘူး၊ တနေ့မှာ သူတို့ ပြိုလဲသွားမှာပါ။ ခင်ဗျားတို့ရဲ့ ကြိုးစားမှုတွေကြောင့်ပဲ ဒါက ဖြစ်လာမှာပါ။ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။ ခင်ဗျားတို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာကို ကျနော်တို့ လေးစားပါတယ်။ ကျနော်တို့ဆီမှာတော့ ဒီလွတ်လပ်မှုကို အလကားရနေသလိုမျိုး ဖြစ်နေကြတာလေ။”

မေး။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှောင်။ မြန်မာပြည်သူတွေအပေါ် ရှောင်ရဲ့ ကတိကဝတ်တွေနဲ့ မြန်မာ့စီးပွားရေး၊ ဒီမိုကရေစီ အနာဂတ်အတွက် သင့်ရဲ့ အကြံဉာဏ်တွေကို ကျနော်တို့ တန်ဖိုးထားပါတယ်။

ရှောင် “ကျနော်လည်း အမြဲတမ်း ကျေးဇူးတင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013