အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထိုင်ဝမ်ခေါင်းဆောင် လိုင်ချင်းတယ်နဲ့ လက်နက်ရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး စကားပြောမယ်လို့ ပြောဆိုတာက သံတမန်ရေးရာ အစဉ်အလာတွေကနေ ဖယ်ခွာတဲ့ ထင်ရှားတဲ့ အချက်တခုလို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ဟာ ၂၀၁၆ ခုနှစ်တုန်းက ထိုင်ဝမ်သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးချယ်ခံရတဲ့ ဆိုင်အင်းဝမ်နဲ့ စကားပြောခဲ့ဖူးတယ်လို့ ဖော်ပြပြီး သူ့ရဲ့ သံတမန်ရေးအစဉ်အလာ ချိုးဖောက်မှုက ပထမအကြိမ် မဟုတ်ဘူးလို့ ဘီဘီစီမှာ ဖော်ပြထားပါတယ်။
အဲဒီအချိန်တုန်းက အမေရိကန်ရဲ့ ဆက်သွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စောဒက တက်ခဲ့ဖူးပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ခေါင်းဆောင်တို့ဟာ ၁၉၇၉ ခုနှစ်ကတည်းက တိုက်ရိုက်စကားပြောတာမျိုး မရှိခဲ့ပါဘူး။
အဲဒီအချိန်တုန်းက အမေရိကန်ဟာ တရုတ်အစိုးရကို အသိအမှတ်ပြုဖို့ ထိုင်ဝမ်ကို တရားဝင်ဆက်ဆံတာမျိုး ဖြတ်တောက်ခဲ့တာပါ။
ထိုင်ဝမ်ကို တရုတ်က ပိုင်တယ်လို့ ကြေညာထားပြီး အင်အားသုံးပြီး သိမ်းပိုက်မဲ့ ကိစ္စကိုလည်း ငြင်းထားတာမျိုး မရှိပါဘူး။
လက်ရှိ ထိုင်ဝမ်ခေါင်းဆောင် လိုင်ချင်းတယ်ဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတဖြစ်လာသူဖြစ်ပြီး ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးစနစ်တွေ ကောင်းအောင် လုပ်ဆောင်နေသူပါ။
အမေရိကန်ဟာ ထိုင်ဝမ်က ကိုယ်ပိုင်ကာကွယ်ရေးတွေ လုပ်နိုင်ဖို့ ကာလရှည်ပံ့ပိုးမှု ပြုလုပ်ခဲ့သလို တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေးအရ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းခဲ့ပါတယ်။
ထရမ့်ပ်က“လိုင်ချင်းတယ်နဲ့ ကျနော် စကားပြောသွားမှာပါ။ ထိုင်ဝမ်ပြဿနာနဲ့ ပတ်သက်ပြီး လူတိုင်းနဲ့ စကားပြောသွားမှာပါ” လို့ ပြောပါတယ်။
အမေရိကန်ရဲ့ လက်နက်ရောင်းချမှု ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမီ လိုင်နဲ့ စကားပြောဖို့ ထရမ့်ပ်က စီစဉ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာပါ။
ထိုင်ဝမ်ကို ဒေါ်လာ ၁၄ ဘီလီယံဖိုး ပက်ကေ့ချ်လိုက် ရောင်းချမဲ့ကိစ္စကို သူ မဆုံးဖြတ်ရသေးဘူးလို့ ထရမ့်ပ်က ပြောထားပါတယ်။
အဲဒီ ပက်ကေ့ချ်အလိုက် ရောင်းချမဲ့ အစီအစဉ်မှာ ဒရုန်းဖျက်ပစ္စည်းတွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ပါဝင်ပါတယ်။
ထရမ့်ပ်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးဟာ အမေရိကန်နဲ့ တရုတ် စူပါ ပါဝါ ၂ နိုင်ငံကြား ပဋိပက္ခဖြစ်စေမဲ့ ကြီးမားတဲ့ကိစ္စတခုအဖြစ် သတိပေးခဲ့ဖူးပါတယ်။
ထရမ့်ပ်ကလည်း တရုတ်နိုင်ငံကအပြန် အင်တာဗျူးမှာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး သူ အာမခံထားတာမျိုး မရှိဘူးလို့လည်း ဖြေကြားဖူးပါတယ်။
ထရမ့်ပ်နဲ့ ရှီ တွေ့ဆုံချိန်ကတည်းက ထိုင်ဝမ်ကျွန်းဟာ အချုပ်အခြာ အာဏာပိုင်တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ဖူပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ လက်နက်ရောင်းချမှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်တဲ့ အဓိကအချက် ဖြစ်တယ်လို့ လိုင်က အလေးပေး ပြောခဲ့ဖူးပါတယ်။










