
၂၀၂၆ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ်အတွင်း ကုန်သွယ်ရေးလိုငွေပြမှု ပိုမိုကြီးထွားလာတာနဲ့ ငွေကြေး ဖောင်းပွမှုဆိုင်ရာ ဖိအားတွေ မြင့်တက်လာတာကြောင့် အမေရိကန်နိုင်ငံမှာ စီးပွားရေးတိုးတက်မှု အနည်းငယ် နှေးကွေးခဲ့ပါတယ်။
အခုနှစ် ဧပြီလကနေ ဇွန်လအထိ အမေရိကန်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့တဲ့အလျောက် ပထမ ၃ လပတ်မှာ ရရှိခဲ့တဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသိသာသာကို ကျဆင်းသွားခဲ့တာပါ။
အလားတူကာလအတွင်း စွမ်းအင်ဈေးနှုန်းတွေဟာ အတက်အကျ ကြမ်းခဲ့သလို အမေရိကန်နိုင်ငံမှာ လည်း ဓာတ်ဆီဈေးတွေက တဂါလန်ကို ၄ ဒေါ်လာနဲ့အထက် ရောက်ရှိနေပါတယ်။
ဒါ့အပြင် အခွန်စည်းကြပ်မှုတွေနဲ့ ရေနံဈေးမြင့်တက်လာတဲ့ အခြေအနေက ထောက်ပံ့ရေး ကွင်းဆက်အပေါ် (Supply Shock) ရုတ်တရက်ထိခိုက်စေခဲ့ပြီး အကျိုးဆက်အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှု နှုန်းကိုပါ နှေးကွေးစေခဲ့ပါတယ်။
အဲဒီနောက် မေလထဲမှာဆိုရင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၁၇ ဒသမ ၇ ဘီလီယံနဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်း လောက် ကျဆင်းသွားပေမဲ့လည်း သွင်းကုန်တန်ဖိုးကတော့ ဒေါ်လာ ၃၉၅ ဒသမ ၃ ဘီလီယံနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
အခုလိုမျိုးတင်ပို့တာထက် တင်သွင်းတဲ့ပမာဏ ပိုပြီး များတဲ့အလျောက် အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ ဒေါ်လာ ၇၇ ဒသမ ၆ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
ဒါဟာ ထရမ့်ပ် အစိုးရရဲ့ အခွန်စည်းကြပ်ရေး မူဝါဒတွေကြောင့် ကမ္ဘာတဝန်းက နိုင်ငံအသီးသီးဟာ အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်းနေချိန်လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်နိုင်ငံဟာ ဆီမီးကွန်ဒက်တာတွေ၊ ဆက်သွယ်ရေးကိရိယာတွေနဲ့ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေ ပိုမိုဝယ်ယူလာတယ်ဆိုပြီး စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (BEA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၃၀ ရက် BEA အစိုးရအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ အဲဒီပစ္စည်းတွေဟာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အဓိက လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အမေရိကန်စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ငွေကြေးပိုမိုသုံးစွဲလာအောင် တွန်းအားပေးနိုင်မဲ့ စီးပွားရေးအခြေအနေမျိုး ဖန်တီးပေးနိုင်ခဲ့ရင် နောက်လာမဲ့ ၃ လပတ်တွေမှာ GDP ပြန်တက်လာနိုင်တယ်ဆိုပြီး ကျွမ်းကျင်သူတွေအနေနဲ့ ထောက်ပြထားပါတယ်။
Source:Reuters










