
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က အသက် ၂၃ နှစ်အရွယ် လူငယ်တယောက်ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၁ ရက် ညမှာ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာထဲကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပန်းတောကြီးကျေးရွာကနေ စက်စက်ယိုကျေးရွာဘက်ကို မိခင်အတွက် ဆေးဝါးနဲ့လိုအပ်တာတွေ သွားဝယ်ပြီးပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ် ကိုကျော်သက်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတယောက်က “လူငယ်က မိခင်အတွက် ဆေးဝါးနဲ့လိုအပ်တာတွေ သွားဝယ်ပြီးပြန်လာချိန် ပန်းတောကြီးရွာအနီးမှာ စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ ပန်းတောကြီးကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် စက်စက်ယိုကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးကာ အရပ်သားတွေ နေထိုင်တဲ့နေရာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထိ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က လေးမျက်နှာမြို့နယ်မှာ မြေပြင်စစ်ကြောင်းတွေ ထိုးနေတာအပြင် ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးတွေ၊ Y-12 တွေ အသုံးပြုကာ လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ပထမအပတ်ကစတင်ပြီး လေးမျက်နှာမြို့နယ်အတွင်းက ပန်းတောကြီး၊ စက်စက်ယို၊ ယင်းဆယ် စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းတွေကို မလုပ်ရဲတဲ့အထိဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။











